ရုံးပိတ်ရက်ကလေး ရှော့ပင်လေးပတ် ကိုရီးယားရဲ့လူနေစရိုက်လေးကိုလည်း လေ့လာရင်း နေ့ကလေးကို ကုန်ဆုံးဖို့ လှလှပပကလေးကုန်ဆုံးဖို့ပါ . . . . .
ရာသီဥတုကလည်းကောင်း ၊ လူလေးတွေကလည်း ချော .. .. အဲလိုနဲ့ပေါ့… အဲလိုနဲ့ပေါ့ …
နေ့သစ်လေးရဲ့ဂျာနီလေးကိုစလိုက်ရအောင်လား .. .. ..
အလုပ်ရဲ့ ဥပဒေကြောင့် ကားယူလာပိုင်ခွင့်မရှိတော့ Public Transportation နဲ့ နှစ်ပါးသွားရတာပေါ့ ။
အမြန်ရထားပေါ်မရောက်ခင် ပေါ့နော်...
လက်မှတ်အ၀ယ်သွားတော့ အရောင်းစာရေးမလေးက ကြောင်ပြီးကြည့်နေလိုက်တာများ ကိုယ့်ခေါင်းပေါ်မှာ ဂျိုများပေါက်နေသလား ၊ သွားရော .. ခေါနေသလားလို့ ဘေးနားကမှန်မှာ ခပ်မြန်မြန်ကြည့်လိုက်မိတယ်။ ညကအိပ်ရေးပြတ်ထားလို့ မျက်ကွင်းလေးတွေ ညိုမှိုင်းမှိုင်းဖြစ်နေတာကလွဲရင် … လူက၀၀ ဖိုင့်ဖိုင့်နဲ့ ဖိုးဝရုပ်လေး အတိုင်းပါပဲ ။ ပြီးတော့မှ သဘောပေါက်လိုက်တာ … ကောင်မလေးက ပေးရမဲ့နှုန်းကို အင်္ဂလိပ်လို သူ့ရဲ့ခေါင်းထဲမှာ စဉ်းစားနေတာကိုး .. သူလေးအင်္ဂလိပ်စာ အခန်းတွေတော်တော်လစ်ခဲ့ပုံပါပဲ ၊ အမေပေးခဲ့တဲ့ သူ့လက်ချောင်းလေးတွေ ဒီအချိန်ကျ တော်တော်အသုံးဝင်သွားမှန်း သူလေး ခန့်မှန်းလို့ရသွားပုံပါပဲ ။ အဲဒါမှ ဒီကလည်း သဘောပေါက်ပြီး ကိုယ်လေးကိုင်း ၊ ဦခေါင်းလေးကို ညွှတ်ပြီးတော့ “ခမ်းဆာဟမ် မီတာ” ဆိုပြီး K လိုမှုတ်ရင်း .. ငွေချေပေးခဲ့ရတယ်။
ဒီလိုနဲ့ ရထားဆိုက်တော့ တိုးဝင်လိုက်ကြတာများ....ပါဆင်နယ်စပေ့ကို နယ်လွန်မခံနိုင်တဲ့ ကျွန်တော်က ခပ်တည်တည်နဲ့ သူတို့တွေ အ၀င်ကို စောင့်တာ … …. လွန်သွားတယ်ထင်ပါရဲ့ ၊ ၀င်မယ်လည်းလုပ်ရော ရထားတံခါးလေးက' ရွှီး' ခနဲ့ ။ သူငယ်ချင်းတွေရဲ့ မရိုးနိုင်တဲ့ မြည်တွန်းတောက်တီးသံတွေများ Rock Concert ရောက်နေသလားလို့ ။ အဲဒီ့လိုနဲ့ ၃၀ဒီဂရီ ရာသီဥတုကြီးကို နောက်ထပ် ၁၀ မိနစ် အံကြိတ်ပြီး ကြံ့ကြံ့ ခံခဲ့လေရဲ့ ။
ဒီလိုနဲ့ ရထားပေါ်ရောက်တော့ ပါဆင်နယ်စပေ့မပြောနဲ့ အသက်ရှုစရာ စပေ့တောင်မရနိုင်တဲ့ ဒီရထားကြီးပေါ်မှာ နာဇီခေတ်တုန်းက လူသတ်တဲ့ ခမ့်(မ) တွေကိုသယ်သွားတဲ့ ရထားကြီးအလား ဆိုး(လ်)မြို့ကြီးကိုဦးတည်ခဲ့လေရဲ့။
မြို့ကြီးက မွန်းကျပ်စွာနဲ့ ခမ်းနားပြည့်ကျပ်နေလျှက် .....
'မြောင်ဒေါင်' လို့ခေါ်တဲ့နေရာလေးကိုရောက်တော့ မျက်ဝန်းတစ်ဆုံး ... လူတွေ ... လူတွေ … ဒီလောက်များတဲ့လူတွေ ဒီနေရာလေးတစ်ခုမှာ စုပြုံနေကြတာ။
အမေရိကားမှာဆိုရင် မကောင်းတဲ့ကောင်မလေးတွေရှိလို့စည်းကားတာ။ဒီမှာတော့ မသိဘူး ကောင်းလားမကောင်းလားဆိုတာ (အဟီး … လေ့လာရန် အဆင်သင့်ပါပဲ) ။ကြည့်ရတာ လူကောင်းလူသန့်လေးတွေ သွားလာလှုပ်ရှားနေကြသလိုပါပဲ။အဲဒါနဲ့ စူးစမ်းလေ့လာကြည့်လိုက်တော့ မြန်မာပြည်က တရုတ်တန်းတို့ ညဈေးတန်းတို့လို နေရာလေးကိုး။
အရပ်က နည်းနည်းပုတော့ ပုံကသိပ်မမိုက်ဘူး ဖြစ်နေတယ်။ ခွင့်လွှတ်
ဒီလိုနဲ့.... ဒိုင်ဗင်ထိုးတော့မဲ့ ရေကူးသမားလို အသက်ကို ၀၀ရှုပြီး လူတွေကြားထဲ ဒိုင်ဗင်ဝင်ထိုးလိုက်လေရဲ့ .…
ပါစင်နယ်စပေ့ဆိုတာ အမေရိကားမှာတုန်းက ကိုယ့်နားတစ်ပေလောက် ကပ်လျှောက်ရင်ကို ဘုကြည့် ကြည့်ခဲ့တဲ့လူ။ ဒီမှာ ပခုံးချင်းပဲ ၀င်တိုက်ရင် ကံကောင်းတယ်လို့မှတ်ပါ။
လမ်းလယ်ခေါင်မှာငူတူတူ ရပ်နေရင်ချာချာလည်အောင်ဝင်တိုက်လိုက်ကြမှာများ....
မြေကြီးကိုလက်နဲ့ခတ်ရင်တောင် လွဲလိမ့်မယ်။ ဒါကတော့သေချာတယ်။
အသက်တူရွယ်တူတွေ ၀င်တိုက်ကြတဲ့အခါ 1/1000 sec လောက်ပဲ ကိုယ်လေးကိုင်း ခေါင်းလေးငုံ့ပြီး လှည့်ထွက်သွားလေရဲ့။ ဒါကို ဒေါသမထွက်လေနဲ့။ ဒါက သူတို့လေးတွေရဲ့ Apology ။
ဒီထက်ဆိုးတာရှိသေး .. ကိုရီးယားဟာ ဖိုးဖိုးကြီး ဖွားဖွားကြီးတွေ ကြီးစိုးတဲ့ နယ်မြေလည်းဖြစ်ပါရဲ့။ ရထားပေါ်မှာဆို သူတို့တွေနဲ့ မပြိုင်နဲ့။ နေရာလေးတွေ့လို့ထိုင်မယ် လို့စဉ်းစားတုန်း မိုင်၁၀၀ နှုန်းနဲ့ မိုးပေါ်ကကျလာတဲ့ ဖိုးဖိုး ဖွားဖွားတွေအလား ။
ဒါနဲ့ ၄၅ မိနစ်ရထားပေါ်မှာ ထိုင်ဖို့အတွေးတွေကို မြေမြုပ် သင်္ဂြုလ်လိုက်လေရဲ့။
ဒါနဲ့တင် ဖိုးဖိုး ဖွားဖွား တွေက မပြီးသေး ၊ လမ်းမှာသူတို့ဝင်တိုက်ရင် သူတို့ဆီက အကြည့်လေးတောင် မမျှော်လင့်လေနဲ့ … လူကိုရှိတယ်လို့်သတ်မှတ်တာမဟုတ်ဘူး ။
သူတို့ရဲ့ဓလေ့လေးတွေကိုကြည့်ပြီး … စိတ်ပဲတိုရမလိုလို ၊ ရီပဲရီရတော့မလိုလိုနဲ့ .. အင်တင်တင်ကြီးပါပဲ။
ဒီလိုနဲ့ရှော့ပင် စပတ်ပါရောလား .. .ဆယ်ကျော်သက်ကောင်မလေးတွေ မီနီ ပန့်လေးတွေနဲ့ နေရာတိုင်း ။
ဒီလို ရာသီဥတုကြီးမှာ ဒီလိုဝတ်စားလွန်းတော့ သံသယတောင်ဝင်မိတယ် ...ကိုရီးယားမှာ ဘောင်းဘီ အရှည်တွေများ ဈေးကြီးလွန်းသလားပေါ့နော်။
ယူလာတဲ့ ပန့်တွေ ကိုတောင် ဒိုနေးရှင်း လုပ်ပေးဖို့ သူငယ်ချင်းတွေကို လည်းစာရင်းကောက်ဖို့တောင် စဉ်းစားပြီးသွားပေါ့။ ထင်သလို ဒိုနေးရှင်း စာရင်းမကောက်လိုက်ရခင် သူငယ်ချင်းတွေ့ရဲ့ ချီးကျူးသံကို ကြားလိုက်ရလေရဲ့ “ဒုံးဝေးလိုက်ချည်းလား” တဲ့ ။
အဲဒါ ဖက်ရှင်စတိုင်(လ်) အသစ်တဲ့ …
အဲဒါနဲ့ နောက်တွေ့တဲ့ မီနီပန့်လေးတွေဆိုရင် ဒူးခေါင်းလေးတွေများတုန်နေသလားလို့
လိုက်ကြည့်လိုက်ရတာအမော။ တစ်ယောက်မှ မတွေ့ပါဘူး ။ အပြုံးမပျက် သူတို့လေးတွေရဲ့ တစ်နေ့တာ လုပ်ငန်းလေးတွေကို ဆက်လက် နေဆဲပဲ။
အံမခန်း ကိုရီးယား သတိခဲလေးတွေပါလားနော်...
လမ်းပေါ်မှာတွေ့တဲ့ မုန့်သည်တိုင်းလောက်ကို အားပေးမိတာ ကျွန်တော့်ရဲ့အားနည်းမှု ပဲပြောမလားနော့။
တစ်ခါကတော့ ဖွားဖွားကြီးတစ်ယောက် တုန်နေတဲ့ ရာသီဲဥတု ကွင်းပြင်ကြီးထဲမှာ မုန့်ချိုလေးတွေ လုပ်ရောင်းနေလေရဲ့။သနားမိတဲ့ စိတ်ရယ် (တစ်ကယ်ပါ) စားကြည့်ချင်တဲ့ စိတ်ကြောင့် သူလုပ်ပြီးသမျှ မုန့်ချိုလေးတွေကို တတ်နိုင်သလောက်ဝယ်ပြီး လမ်းမှာတွေ့တဲ့ ကလေးတွေ ကိုလည်းမျှဝေပေးလိုက်လေရဲ့။ သကြားကို အရည်ကြိုပြီး အရောင်နဲနဲတင် ကွတ်ကီးလေးတွေလို အချပ်ကလေးတွေလုပ်ပြီး အလယ်မှာ အသည်းပုံ ဒီဇိုင်းလေးဖော်ထားတဲ့ မြန်မာပြည်က ထန်းလျှက်ယိုလိုမုန့်မျိုးလေးပါ ..
ပြီးတော့ လူတွေအုံနေတဲ့ နေရာလေးတစ်ခုကိုရောက် သွားတော့..... သီချင်းသံလေးကြားရတော့ စိတ်ဝင်စားလို့တိုးကြည့်မိတယ်။ ယောကျာင်္းသားကြီး နှစ်ယောက် ၊ သီချင်းလေးငြီးရင်း မုန့်တီခေါက်ဆွဲလောက်ရှိတဲ့ မုန့်တစ်မျိုးကို ဂျုံ မှုန့်ထဲနှစ်လိုက် ဆွဲဆန့်လိုက် လုပ်ရင်း ... နောက်ဆုံး ပင့်ကူမျှင်လောက်ပဲ ကျန်တော့တဲ့ အမျှင်လေးတွေအထဲမှာ အစာလေးတွေထည့်ပြီးလိပ်လေရဲ့။ မြေပဲလိပ် လေးတွေအတိုင်းပါပဲ။ သူတို့ရဲ့ Performance လေးကို ကြိုက်တာရယ်၊ မြည်းစမ်းချင်တာရယ်နဲ့ အားပေးခဲ့ပါသေးတယ်။
ငါးတုတ်ထိုး ... အကြီးကြီးပဲ ..
ဒီလိုနဲ့ ဆက်လျှောက်လာရင်း ရုပ်ရှင်တွေထဲမှာ တွေ့တွေ့နေရတဲ့ အကင်လေးတွေ .. .. ကိုရီးယားမရောက်ခင်ကတည်းက တွေ့ရင်စားမယ်လို့ အားခဲထားတော့ ကိုယ့်ကတိ ကိုယ်လည်းမဖြတ်ချင်တာနဲ့ အကင်တစ်ကင်လှမ်းနှိုက်လိုက်လေရင်း... သွား ၊ ပါးစပ် နဲ့ လျှာကို အလုပ်သစ်ပေးလိုက်လေရဲ့ ။
သိပ်မကြာပါဘူး .. .ပါမစ်မပေးပဲနဲ့ ကုလားဘင်ခရာအသင်းကြီးက ဗိုက်ထဲမှာ လှည့်ပတ်နေလေရဲ့။ နီးရာ စခန်းမှာ Business ကို မြန်မြန် ထိန်းသိမ်းလိုက်ရတယ်။
ဒါနဲ့ 'အီထယ်ဝမ်း' လို့ခေါ်တဲ့ အီလက်ထရောနစ် မောကြီးထဲ ရောက်သွားတယ်ပေါ့ ။ လိုချင်တဲ့ပစ္စည်းလေးတွေ တွေ့ရင်ကိုင်ကြည့်ပေါ့ ... အာရှသားရုပ်ပေါက်တဲ့ ကျွန်တော့်ကို အမြဲ K လိုလာပြောတတ်တယ်။ ကျွန်တော်ကလည်း မရိုင်းပါဘူး ၊ သူတို့ပြောချင်တာလေးတွေ ပြီးတဲ့အထိ ပြုံးပြုံးလေးနဲ့ နားထောင်ရင်း အမြဲစောင့်ပါတယ် ။ ပြီးမှ ကိုရီးယားလို မပြောတတ်ဘူးလို့ မနည်းငြင်းယူရတယ်။
အဲဒီ့မှာ ပြဿနာကစတာပဲ … … …
သူတို့က ကျွန်တော်တို့ကို ကိုရီးယန်း မဟုတ်မှန်းလည်းသိရော ပစ္စည်းဈေးနှုန်းက သုံးဆလောက် ခုန်တက်သွားလေရဲ့။ သူတို့လေးတွေက ပစ္စည်းကို ဈေးနှုန်းကပ်မထားတော့ သူတို့ခေါ်ချင်သလောက်ခေါ်ပါလေရော။ အဲဒီမှာ တတ်ထားသမျှ K တွေရော Signs Language တွေရော အသုံးဝင်လာပါရောလား ။ သူတို့ကဈေးခေါ်ရင် ကျွန်တော်တို့ တစ်ဖွဲ့လုံးကတတ်ထားတဲ့ “ခါ ဂါ ကူး ဆယ်ရော” ဆိုတဲ့ ဈေးလျှော့ပါဦး လို့ အဓိပါယ်ရတဲ့ စကားလုံးကို ပိုက်ဆံအိတ်ထဲမှာရော ဦးနှောက်ထဲမှာပါ မင်နီနဲ့ ရေးဆွဲမှတ်သားထားလေရဲ့ ။ အဆင်မပြေရင် လက်ခါပြပြီး လှည့်ထွက်တာ ကျွန်တော်တို့ အလုပ်။နောက်ကနေ လိုက်လာပြီး ကျွန်တော်တို့လိုချင်တဲ့ဈေးကိုပေးပြီး ရောင်းတာက ကိုရီးယန်းတွေရဲ့ အလုပ်။ ဒီလိုနဲ့ဈေးတည့်ရင် ပစ္စည်းအိမ်ပါလာတယ်ပေါ့ ။
သူငယ်ချင်းတစ်ယောက်က သူလိုချင်တဲ့ အင်္ကျီလေးတွေ့ပါတယ်။ ဆိုင်ပိုင်ရှင်ကောင်မလေးနဲ့ ဈေးကိုတော်တော်လေးညှိယူလိုက်ရတယ်။ ဒီလိုနဲ့ဈေးလည်းတည့်ရော သူငယ်ချင်းက အင်္ကျီကို ၀တ်ကြည့်တော့ တစ်ဆိုဒ်လောက်သေးနေတယ်။ အဲဒါနဲ့ ဆိုဒ်ရှာပေးမယ်ဆိုပြီး ကောင်မလေးက ဆိုင်အတွင်းပိုင်းကို ၀င်သွားတယ်။ တော်တော်နဲ့ထွက်မလာတာနဲ့ အတွင်းထဲကို လိုက်ဝင်ပြီးကြည့်တော့ … ဟောဗျာ … သူနဲ့ နောက်ထပ်ကောင်မလေးနဲ့ အင်္ကျီကို တစ်ယောက်တစ်ဖက်ကိုင်ပြီး ဆွဲဆန့်နေကြတာဗျ ။ ကျွန်တော်တို့လည်း ပါးစပ်ဟောင်းလောင်းနဲ့ ဘာပြောရမှန်းမသိ။ သူငယ်ချင်းကလည်း တစ်အင်အင် နဲ့ဖြစ်သွားပါရောလား ။ ဒါနဲ့ ကောင်မလေးက နောက်ထပ်ဈေးထပ်လျှော့ပေးရှာတယ်။
အော် .. .. ကိုရီးယားသူ တွေ ပစ္စည်းတစ်ခုကိုရောင်းချင်ရင် အဲဒီလောက်ကြီးထိ စိတ်ကြီးရှာပါကလားနော် ။ နောက် ကိုရီးယားမှာ ပစ္စည်းဝယ်ရင် သူတို့ပေးတဲ့ ဆိုဒ်ကိုသာယူဖို့ အကြံဥာဏ်ပေးပါရစေလား … … …
။ ။ ။ နောက်မှ ဆက်ပါဦးမည် ။ ။ ။
1 comment:
လာလည်ချင်တယ်....မုန့်တွေလည်းစားချင်တယ်ဗျို့!!!
Post a Comment