April 29, 2009

ဘာမှမသိတော့ခြင်း

မျက်လုံးတွေကမြင်နေရ သော်ငြားလည်း
ဘ၀ကြီးက အဖြူအမဲ မသဲမကွဲနဲ့။

ခန္ဓာကိုယ်ကြီး တည်ရှိနေလည်း
မလည်ပတ်တော့ တဲ့ ယန္တာယားကြီးအတိုင်း
ဘာကုန်ပစ္စည်းမှ ထုတ်လုပ်နိုင်ခြင်းမရှိ။

ဝင်သက်ထွက်သက် မှန်ကန်နေသော်ငြားလည်း
အောက်ဆီဂျင် တွေက နှလုံးဆီမရောက်ခဲ့တာ ကြာပြီ။

ဦးနှောက်ကြီးက ပုံမှန်လှုပ်ရှားနေတယ် ထင်ခဲ့တာ
ပင့်ကူတွေတောင် သားဖွားကုန်ကြပြီ။

နှလုံးသားက ချစ်ခဲ့ဖူးတယ်လို့ ယူဆခဲ့တာ
အမှန်က ဆွဲငင်အားတစ်ခုကြောင့်
သံယောဇဉ်ကြိုးလေး တစ်မျှင်ရစ်ပတ်ခဲ့တာကွ။

ငါ့ရဲ့ တန်ဖိုးမရှိတဲ့ စကားလုံးတွေ လေထဲမှာ ၀ဲပျံရင်း
သစ်ရွက်လေးတွေလို အချိန်တန်ရင်ကြွေကျ
ဒီကမ္ဘာကြီး အတွက် အမှိုက် ဖြစ်တာပဲ ရှိမယ်။

မချစ်ကဗျာ တစ်ပုဒ်

တော်.. တော်
အချစ်ကဗျာ ဆိုတာ လာမရေးခိုင်းနဲ့
အမုန်းကဗျာ ရေးတဲ့ဘက်မှာ အားသာနေပြီ ။

နေပါစေ ..
လာမချစ် ခိုင်းပါနဲ့တော့
နှလုံးသား အပိုင်းအစ တွေကို
လိုက်ကောက်ရမှာ ပျင်းလွန်းလို့ပါ။

ထားလိုက်ပါတော့ ..
သံယောဇဉ် ဆိုတဲ့ ကြိုးကို
ရွှေကတ်ကြေးနဲ့ ဖြတ်ရင်
အချိန်မရွေး ပြတ်မဲ့ ကြိုးတစ်ချောင်းပါ။

ဝေးဝေးကနေပါ ..
မချစ်နိုင်တော့ ပေမယ့်
မုန်းဖို့အားအင်တွေ ရှိသေးတယ်။