March 26, 2009

ပထမဆုံးသော...အပိုင်း (၃)

ဒါနဲ့ပဲ ၇နာရီ၄၅လောက်မှမိုးကစဲသွားတယ်။
မိုးစဲသွားတာနဲ့ကျွန်တော်လဲကောင်မလေးရှိတဲ့ကျူရှင်တိုက်ကိုအမြန်ပြန်ပြေးတာပေါ့ဗျာ။
မပြေးလို့မရဘူးလေ။သူကျူရှင်ဘယ်အချိန်ဆင်းမလဲ ကျွန်တော်မှမသိတာ။မတော်လို့ စောစောဆင်းသွားရင်
ခက်အုံးမယ်။ကျူရှင်တိုက်ခန်းရှေ့ရောက်တော့ သူတို့ရှိမယ်အထပ်လေးကို(၄ထပ်)မျှော်ကြည့်မိတယ်။
ရှိမှရှိပါအုံးမလားလို့ပေါ့။မိုးကလဲချုပ်နေပြီဆိုတော့ ဘာမှမမြင်ရပါဘူးဗျာ။အဲဒါနဲ့ အောက်မှာရှိတဲ့ လက်ဖက်ရည်
ဆိုင်ထဲဝင်ထိုင်လိုက်တယ်။ကျွန်တော့်ရဲ့ပထမဆုံးသောတစ်ယောက်ထဲလက်ဖက်ရည်ဆိုင်ထိုင်ဖူးခြင်းပါ။
ကျွန်တော်အဲဒါမတိုင်ခင် လက်ဖက်ရည်ဆိုင်၃ခါ၎ခါပဲထိုင်ဖူးပါတယ်။ဒါတောင်သူငယ်ချင်းတွေနဲ့ပါ။
အင်း...ထိုင်လိုက်တော့ စားပွဲထိုးလေးကလာမေးတယ်ဗျ။အကိုဘာသောက်မလဲတဲ့။
အဲဒါနဲ့ကျွန်တော်လဲပါးစပ်ထဲရှိတဲ့ဟာပြောလိုက်တယ်။ချိုဆိမ့်လား ချိုကျလားမသိဘူးဗျ။
မှန်တာပြောရရင် လက်ဖက်ရည်ကို သောက်လဲမသောက်၊ကြိုက်လဲမကြိုက်ဖြစ်၊မှာလဲမမှာတတ်တဲ့ကောင်ပါ။
ဒါပေမယ့်ဟန်ကိုယ်ဖို့ပေါ့ဗျာ။

စားပွဲထိုးလေးကလဲ ကျွန်တော့်ကိုသတိထားမိတယ်ဗျ။ထားမိမှာပေါ့ သူတို့ဆိုင်ရှေ့မှာတ၀ဲလည်လည်
၁နာရီလောက်လုပ်သွားတာကိုး၊ပြီးတော့ ပြန်လာတော့လဲ အမောတကြီးလဲရွဲရွဲစိုလို့လေ။
သူလဲကျွန်တော့်ကိုမှတ်မိ၊ ကျွန်တော်လဲသူ့ကို မှတ်မိတာပေါ့။ဟဲဟဲ...ဒါပေမယ့်ဟန်တော့မပျက်စေနဲ့ပေါ့ဗျာ။
လက်ဖက်ရည်တစ်ခွက်လာချပေးတယ်။ပြီးတော့ ခပ်လှမ်းလှမ်းမှာစားပွဲထိုးလေးကသွားရပ်ပြီး သူရဲ့
လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားဟေးလားဝါးလားလုပ်နေပါတယ်။
အဲဒါကို ကျွန်တော့်စိတ်ထဲမှာ ငါ့အကြောင်းများပြောပြီးရယ်နေတာလားလို့လဲ မဆီမဆိုင်တွေးမိသေးတယ်ခင်ဗျ။
လာချတဲ့လက်ဖက်ရည်ကို ဇွန်းလေးနဲ့မွှေနေရင်စဉ်းစားနေမိတယ်။ကျွန်တော့်ကောင်မလေးကျူရှင်ပြီးများ
ပြီးသွားပြီလားပေါ့။ဒါပေမယ့် ၈နာရီထိုးဖို့က နည်းနည်းလိုသေးတော့မဟုတ်လောက်ပါဘူးလို့ပဲတွေးပြီး
စောင့်နေရတာ ပြီးတော့ ဘေးဘီကိုလဲအကဲလှမ်းခတ်ရသေးတယ်။ဘယ်သူများငါ့ကိုသတိထားပြီး
ကြည့်နေသလဲပေါ့။တကယ်ပါဗျာ နောက်ကျောမလုံတဲ့ဒုက္ခဆိုတာအဲဒိတော့မှနားလည်တယ်။
ဘာမဟုတ်တာကို ဘာမှန်းမသိပဲကြောက်နေတာတော်တော်ဆိုးတယ်ဗျ။
ဒါပေမယ့်သူတို့ဆင်းလာမယ့်တိုက်လှေခါးကကျွန်တော်ထိုင်နေတဲ့ထိုင်ခုံနဲ့သိပ်မဝေးဘူး။
ပြီးတော့ မြင်လဲမြင်နေရတယ်ဆိုတော့အဆင်တော့ပြေတာပေါ့။
အဲဒါနဲ့ပဲလှေခါးကိုပဲအာရုံစိုက်ပြီးလက်ဖက်ရည်ကိုတငုံလှမ်းသောက်လိုက်တယ်။

အင်...တမျိုးပါလား
နောက်တငုံထပ်သောက်ကြည့်...
အီး...ဘယ်လိုကြီးလဲဟ။
ဟုတ်တယ်လက်ဖက်ရည်ကဘယ်လိုကြီးမှန်းကိုမသိဘူး။
ကျွန်တော်သောက်ဖူးတဲ့ လက်ဖက်ရည်တွေနဲ့တော်တော်ကွာတယ်ဗျ။
ကျွန်တော်မှာလိုက်တာလက်ဖက်ရည်မှဟုတ်ရဲ့လား။
အင်း......ဟုတ်တော့ဟုတ်ပါတယ်။
ဘာလို့လဲဆိုတော့အဲဒိတုံးကခေတ်စားနေတဲ့ရှယ်ဆိုတာဇွန်းနဲ့ဗျလို့ဆိုတာလေ။
ကျွန်တော်ခွက်မှာဇွန်းကြီးတန်းလန်းနဲ့....
ဒါပေမယ့် လက်ဖက်ရည်ကတော်တော်ကြီးကိုဖန်နေတာဗျ။ဘယ်လိုကြီးမှန်းကိုမသိဘူး။
ကျွန်တော်အဲဒိလိုဖြစ်နေတော့ ကိုယ့်ကိုယ်ကိုမလုံတာနဲ့ဘေးဘီကိုမသိမသာကြည့်တော့ စားပွဲထိုးလေးက
ကျွန်တော့်ကိုကြည့်နေတယ်ခင်ဗျ။သူကြည့်တာကရိုးရိုးပါ။ကျွန်တော်အဆင်ပြေမပြေဂရုစိုက်တဲ့ပုံမျိုးပေါ့။
ခက်တာကကိုယ်ပဲလေ။ကိုယ့်ဟာနဲ့ကိုယ်မလုံတော့ ဒီကောင်များငါ့ကိုခြောက်ချတာလားပေါ့။
ဒါပေမယ့် ကျွန်တော်က ကြောက်လဲကြောက်တတ်တော့ သူများရပ်ကွက်ထဲသွားပြီးစွာ
လို့ငါ့ကိုဝိုင်းရိုက်လဲ ဒုက္ခဆိုပြီးတွေးမိသေးတယ်။စားပွဲထိုးလေးလဲ ကျွန်တော့်ဆီကိုလာပြီး အကိုဘာလိုလို့လဲ
မေးပါတယ်။ကျွန်တော်လဲယောင်ပြီး ရေနွေးကြမ်းအိုးလို့ပြောတော့သူကအကို့ရှေ့မှာလေတဲ့။
ဟီးဟီး....နည်းနည်းတော့ရှက်သွားတာပေါ့။ကိုယ့်ကိုယ်ကိုယ်လက်ဖက်ရည်သောက်နေကျ
လူလိုပုံဖမ်းပြီး ဆိုဒ်ကြီးဂိုက်ကြီးနဲ့သောက်နေတာကိုး။

ပြီးတော့ပြောရအုံးမယ်။အဲဒိလက်ဖက်ရည်ဆိုင်က ရန်ကုန်မြို့မှာနာမည်ကြီးဆိုင်ဗျ။
ကျွန်တော်လဲသူငယ်ချင်းတွေပြန်ပြောမှသိရတာ။လူဝင်လူထွက်ကလဲများမှများ။
ကိုယ်နေရာရဖို့တောင် တခါတလေခက်တယ်ဗျ။အဲဒိတော့ကျွန်တော်ကလဲအချိန်ထပ်ဖြုန်းရအုံးမယ်ဆိုတော့
အလွန်ဖန်ပြီးလန်ထွက်နေသော လက်ဖက်ရည်လေးကိုအားကိုးပြီး ထိုင်နေရအုံးမှာပဲလေ။
ဒါနဲ့ ရေနွေးသောက်လိုက်၊လက်ဖက်ရည်ဖန်ဖန်သောက်လိုက်နဲ့၁၅မိနစ်လောက် အချိန်ထပ်ယူလိုက်တယ်ပေါ့ဗျာ။(လက်ဖက်ရည်အဖန်သောက်ရင်ကျက်သရေအမှန်ရောက်တယ်ကြံသလောက်ပြီးတဲ့ရေ)ဆိုတာကြားဖူးမှာပေါ့။
ကျွန်တော့်မှာတော့ မိုးမိလို့အေးတာကတစ်မျိုး၊ရည်းစားကျူရှင်ဆင်းသွားမှာကိုစိုးတာကတဖုံ၊လောလောဆယ်
သောက်နေတဲ့ခွက်က(လက်ဖက်ရည်ခွက်ပြောပါတယ်)အသုံးမကျတာက တဖြစ်ဆိုတော့ ကျက်သရေ ရှိလား မရှိလား မိတ်ဆွေပဲတွေးကြည့်ဗျာ။

ခဏနေတော့ကျူရှင်လှေခါးကကောင်လေး၊ကောင်မလေးတွေဆင်းလာတာတွေ့တယ်ဗျ။
ကျွန်တော်လဲ နဲနဲအားတက်သွားပြီး စားပွဲထိုးလေးကိုခေါ်လိုက်တယ်။လက်ဖက်ရည်ဖိုးရှင်းထားတာလေ။
စားပွဲထိုးလေးကကျွန်တော်ခွက်ကိုတစ်ချက်ကြည့်ပြီး မပြီးသေးဘူးဆိုတာသိတော့ မသိမ်းသွားသေးပါဘူး။
ထပ်သောက်ပေါ့။ထားခဲ့တယ်....
ကျွန်တော်လဲ လှေကားကိုမျက်ခြေမပျက်အာရုံစိုက်နေလိုက်တာ မျှော်လင့်နေတဲ့သူလေးကိုတွေ့လိုက်ပါပြီဗျာ။
သူက သူ့သူငယ်ချင်းကောင်မလေးတွေနဲ့စကားတပြောပြောနဲ့ဆင်းလာတာဗျ။
ကျွန်တော့်ကိုလဲတွေ့ရော ပထမအံ့သြသွားတယ်ခင်ဗျ။ဟုတ်တယ်လေ။
သူနဲ့ညနေကလာတုန်းကအကောင်းအခုမှကျိုး...အဲဟုတ်ဘူး။
အခုအားလုံးစိုရွဲနေပြီး ကြွက်စုတ်ဖြစ်နေလို့ပေါ့။ဒါနဲ့ကျွန်တော်လဲမြန်မြန်ထမလို့ လက်ကျန် လက်ဖက်ရည်ခွက် ထဲက အရည်တွေကိုသောက်ချလိုက်ပါတယ်။

အော်....
အဲဒိတော့မှကိုယ့်ကိုယ်ကိုသိတော့တယ်။တောသားမှန်း။ရယ်ချင်တာလဲမပြောပါနဲ့ဗျာ။
ဘာလို့လဲဆိုတော့ ကျွန်တော်သောက်တဲ့လက်ဖက်ရည်ခွက်ရဲ့ခွက်အောက်ခြေမှာ နို့ဆီတွေမှအများကြီးရယ်ဗျ။
ကိုယ့်ဟာနဲ့ကို ရည်းစားအပူမိပြီး လက်ဖက်ရည်ဖျော်တာအပေါ်ယံကပ်ဖျော်မိတာကိုး။
အဲဒါမိုလို့ အရသာမရှိဖြစ်နေတာပေါ့။အဲဒါကို ဘာမဆိုင်ညာမဆိုင်တွေလျှောက်တွေးနေသေးတယ်လေ။
ရည်းစားနဲ့ပြန်သွားရလို့ပေါ့ဗျာ..တလမ်းလုံးပြုံးစိပြုံးစိကိုဖြစ်နေတာ။သူကတော့ထင်မှာပေါ့ဗျာ ရည်းစားကို
လာကြိုရလို့ ပျော်ပြီးပြုံးနေတယ်လို့။ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုသိတာပေါ့။
ပျော်တာလဲပါပါတယ်။စိတ်ညစ်တာတွေလဲပါပါတယ်။ အားလုံးပေါ့။
ဒီလိုနဲ့ပထမဆုံးရည်းစားသွားကြိုတဲ့အတွေ့အကြုံလေးဖြစ်ဖြစ်မြောက်မြောက်ဖြစ်သွားတယ်ဆိုပါတော့ဗျာ....


(ပထမဆုံးသောပိုစ့်လေးကိုစိတ်ရှည်လက်ရှည်အားပေးတဲ့အတွက်ကျေးဇူးပါ။ဒီပုံပြင်ဘလောက်မှာ
လဲဒီပိုစ့်ကကျွန်တော်အတွက်ပထမဆုံးပါပဲ)

ဏီ(န်)ကင်း