အိပ်မက်ဆိုများနဲ့ နိုးထလာတဲ့တခဏ….
ခေါင်းထဲမှာဝင်လာတဲ့ အသိစိတ်တချက်ကြောင့် နာရီကိုကြည့်လိုက်တော့..
နှိုးစက်ကဘဲအသံမမြည်တာလား ပြန်ပိတ်ပြီး အိပ်နေမိတာဘဲလားမသိ
နာရီလက်တံတွေကတော့ ရှိသင့်တာထက် ကျော်လွန်နေခဲ့ပြီ။
ချက်ချင်းဆိုသလို မျက်နှာသစ်၊ အဝတ်အစားလဲပြီး သူရှိမယ့်နေရာဆီ ကျွန်တော် အမြန်ဆုံးနည်းနဲ့ ထွက်လာခဲ့တယ်။
သူနဲ့ကျွန်တော် စသိခဲ့တာ တက္ကသိုလ် စတက်တဲ့ ပထမဆုံးရက်ပါ။
နောက်တော့…. ကျောင်းသွားလည်းအတူတူ ကျောင်းပြန်လည်းအတူတူနဲ့
တဖြေးဖြေး ပိုပြီးရင်းနှီးလာကြပါတယ်။
မနက်ဆိုရင် ကျောင်းသွားဖို့ သူက ကျွန်တော့်ကို ဈေးအရှေ့နား ကနေစောင့်နေတတ်ပါတယ်။
ကျွန်တော်ကလည်း ဖျောက်လို့မရတဲ့အကျင့်ဆိုးအတိုင်း အမြဲကို နောက်ကျပြီးမှ ရောက်သွားတတ်ပါတယ်။
အချိန်အတိုင်းအတာတခုအထိတော့ ကျွန်တော့ကိုအမြဲစောင့်နေတတ်ပါတယ်။
အရမ်းနောက်ကျမှသာ ကျွန်တော်ကိုထားခဲ့ပြီး တခြားကျောင်းသူ ကျောင်းသားတွေနဲ့ သူ ကျောင်းကို ထွက်သွားတာပါ။
နွေရာသီ ကျောင်းပိတ်ရက်တွေမှာဆိုရင်တော့ သူနဲ့မဆုံဖြစ်ပါဘူး။
ဪ…. အခုဆိုရင် သုံးနှစ်တောင်ပြည့်တော့မယ်။
ကျွန်တော့်ရဲ့ နောက်ကျတတ် တဲ့အကျင့်ကလည်း မပြောင်းလဲနိုင်သေးပါလားနော်။
အခုလည်း ကျွန်တော် ထပ်ပြီး နောက်ကျနေပြန်ပါပြီ်။
ဒီနေ့က ကျွန်တော့ ဘဝအတွက် အရေးကြီးတဲ့နေ့တနေ့။
ဟုတ်တယ်…. တကယ့်ကိုအရေးကြီးတဲ့နေ့။
ကျောင်းကြီးလည်းပိတ်တော့မယ်။
နောက်နေ့ ဆိုရင် သူ့ကိုတွေ့ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။
ဒီနေ့မှ သူ့ကိုမမှီလိုက်ဘူးဆိုရင်…..…..
ကြိုးစားထားသမျှ အရာရာကျရှုံးရတော့မယ်။
သူထားခဲ့မှာကိုလည်း ကျွန်တော်မလိုလားဘူး။
ကျွန်တော် ဘယ်နည်းနဲ့မှ နောက်ကျလို့မဖြစ်တော့ဘူး။
သူ ကျွန်တော့ကို စောင့်နေပါစေ…..
သူရှိမယ့်နေရာဆီ အချိန်မှီရောက်နိုင်ဖို့အတွက် ကျွန်တော့်စိတ်တွေလောနေခဲ့တယ်။
မှီမှ မှီပါတော့မလား???
အဲဒီ့ အတွေးတွေကြောင့် အာခေါင်တွေချောက်ပြီး ဇောချွေးတွေလည်းပျံလာတယ်။
နာရီရဲ့လက်တံတွေကလည်း သူထွက်ခွါသွားဖို့အချိန် တဖြေးဖြေး နီးလာပြီဆိုတဲ့အကြောင်း
ကျွန်တော့်ကို အသိပေးနေတယ်။
ဖြစ်နိုင်မယ်ဆိုရင် နာရီ ..မိနစ်… စက္ကန့် အားလုံးကို ခဏလောက် ရပ်ထားပစ်ချင်တယ်။
တကယ်ပါ…
ခဏလေးပါ… ကျွန်တော်မရောက်ရောက်အောင် လာနေပါတယ်။
တဖြေးဖြေး နဲ့သူ့ရဲ့ပုံရိပ်ကို အဝေးကနေလှမ်းမြင်နေရပါပြီ။
သူကကျွန်တော့်ကို ကျောပေးရပ်နေပြီး အဝေးကိုငေးနေတယ်။
ကျွန်တော့်ကိုတော့သူ မြင်မယ်မထင်ပါဘူး။
သူ့ဆီကို အချိန်မှီရောက်ဖို့ ကျွန်တော်ဘယ်လောက်ထိ ပြေးလာခဲ့ရတယ်ဆိုတာ လည်း သူသိမှာမဟုတ်ပါဘူး။
ဒါတွေကလည်း အခုအချိန်မှာအရေးမကြီးတော့ပါဘူးလေ။
အရေးကြီးတာက.... သူ ရှိနေသေးလို့။ ဟူး…….တော်ပါသေးရဲ့။
သက်ပြင်းခပ်မျှင်းမျှင်းချပြီး တက်ကြွခြေလှမ်းများနဲ့ သူ့ဆီကိုအလှမ်း မြင်လိုက်ရတဲ့မြင်ကွင်းက အသက်ရှုသံတွေကိုတောင်ရပ်တန့်သွားစေပါတယ်။
ဟို လူကြီး ....ဟုတ်ပါတယ် ။
ကျွန်တော်နဲ့ သူနဲ့ မဆုံအောင် အမြဲ လုပ် နေတဲ့လူကြီး ။
အခုလည်း သူ့ကို ခေါ်ဆောင်သွားဖို့ လာနေပြီ။
ကျွန်တော်ဘယ်လိုလုပ်ရမလဲ????
ကျွန်တော် သူ့ကို လက်လွတ် ဆုံးရှုံး ရတော့မယ်။
ရှိသမျှ အင်အားအကုန် သုံးပြီးသူ့ ဆီကို ကျွန်တော်ပြေးသွား ခဲ့တယ်။
ဒါပေမယ့် အရမ်းကိုနောက်ကျသွားခဲ့ပြီ။
သူ ….ကျွန်တော့ကို ထားသွား ခဲ့ လေပြီ။
လမ်းမပေါ်မှာ ကျွန်တော်တရောက်တည်း……
ထွတ်ခွါသွားတဲ့ ကျောင်းကားကြီးကိုမျှော်ကြည့်ရင်း........
အဲဒီ့ လိုနဲ့ဘဲ……
ကျွန်တော့်ရဲ့ Final Year Exam နောက်ဆုံးရက် …..
စာမေးပွဲ ခန်း ထဲကို တော်တော် နောက်ကျ ပြီး မှ ရောက်သွားခဲ့ပါတယ်။ (ကျောင်းကား လွတ်သွားတာကိုး ။)
နောက်ကျတတ်သူအားလုံးအတွက်………
Subscribe to:
Post Comments (Atom)
3 comments:
နောက်ကျပုံပြင်ပေါ့လေ။ သင်ခန်းစာရလိုက်တယ်။ :)
အင်း... ကျတယ် .. အူဝဲ ဆိုတဲ့နေ့ကတည်းက ဒီကမ္ဘာကြီးထဲ ၀င်တာနောက်ကျလာခဲ့တာ ...ဆွေစဉ်ဘောင်ဆက် ဆက်လက်ပြီး ထိန်းသိမ်းသွားနိုင်အောင်လို့ နောက်ကျမြဲ နောက်ကျလျက်ပါပဲ။ ။ ။
ahint ahint....ferry ko sate nar tae...wait mae pyaw p hter hter kae lo
Post a Comment