March 5, 2009

တရားလိုကြီး ငါ . . .

ချုပ်ချယ်တတ်တယ် ၊ သ၀န်တိုတတ်တယ် ဆိုလို့
ငါ့ဘက်က အတွေးအမှားတွေနဲ့ ပျော်မိခဲ့တယ်
အဲဒါတွေက မင်းအချစ်တွေမှမဟုတ်ပဲ
မင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေမှန်း …

အနားမှာ မရှိရင်မနေနိုင်ဘူး ၊ အချိန်တိုင်းသတိရနေတတ်တယ် ဆိုလို့
ငါ့လောက် ကံကောင်းတဲ့လူ ရှိဦးမလားလို့ တွေးမိခဲ့တယ်
အဲဒါတွေက မင်းရဲ့ ခံစားချက်တွေမှ မဟုတ်ပဲ
မင်းရဲ့ အထီးကျန်မှုတွေမှန်း …

ဘယ်သူမှမရှိနိုင်ဘူး ၊ တစ်ဘ၀စာ ပုံအပ်သွားမယ် ဆိုလို့
ငါ့အချစ်တွေ မင်းအပေါ်မှာ အတိုင်းထက်လွန်ခဲ့လေရဲ့
အဲဒါတွေက မင်းရဲ့ ပေးဆပ်ခြင်းတွေမှ မဟုတ်ပဲ
မင်းဘ၀ အတွက် အာမခံချက်တွေမှန်း …

ကြင်နာမှုတွေ ၊ နားလည်မှု တွေများပြားလွန်းလို့
မင်းအပေါ်မှာ သံသယ အလွန်ကင်းခဲ့ ပါရဲ့
အဲဒါတွေက မင်းရဲ့ အားပေးခြင်းတွေမှ မဟုတ်ပဲ
မင်းရဲ့ ဟန်ဆောင်ကောင်း ခဲ့ခြင်းတွေမှန်း …

ပျော်ခဲ့ကြတဲ့ နေ့ရက်တွေ ၊ ရင်ခုန်ခဲ့ကြတဲ့ ညတွေ များလို့
ကတိတွေ အထပ်ထပ် ထားခဲ့ကြလေရဲ့
အဲဒါတွေက မင်းဘက်က အဖြည့်ဆည်းခံ ခဲ့ခြင်းတွေမှ မဟုတ်ပဲ
မင်းရဲ့ လိုအပ်ခဲ့တဲ့ အစားထိုးခံ ဖြစ်ခဲ့မှန်း …

… … … မင်းနဲ့မှ …. …. ….
။ ။ ။ တစ်ကယ်ချစ်တတ်ခဲ့ တာ မှားများ သွားသလား ။ ။ ။

တမ်းချင်း

သူ့ကိုသတိရ၍ ရေးသောကဗျာများသည် ...
နွေကဲ့သို့ ....အလွမ်းများဖြင့် လောင်မြိုက်...
မိုးကဲ့သို့ ....မျက်ရေ ရနံ့များသင်းပျံ့နေ၍....
ဆောင်းကဲ့သို့....သတိရခြင်းများစွာ လွှမ်းခြုံ နေတတ်ပါသည်။

March 4, 2009

မျက်ရည်တွေရဲ့ နောက်က ..

ဆုံးရှုံးခြင်းရဲ့ နောက်မှာ …
မျက်ရည်နဲ့ အနာတရ တွေပဲအဖတ်တင် ကျန်တတ်တယ် ..
အဲဒါကို ဘာလို့ မင်းက တမ်းတရတာလဲ ..

ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ဘ၀ကို လှပလာအောင်များဖန်ဆင်းတာလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့လိုအပ်ချက်တွေကို လဲလှယ်ပေးနေသလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့မာနတွေကို တန်ဖိုးမြှင့်တင်ပေးခဲ့သလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ အတတွေကိုအရောင်တွေခြယ်ခဲ့သလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ ဖောက်ပြားတတ်တဲ့စိတ်ကိုအာမခံချက်ပေးခဲ့သလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ခြေလှမ်းတွေကို လွတ်လပ်မှုပေးခဲ့သလား …

မသိခဲ့လို့ပါ … သိများသိခဲ့ရင် ငါ့မျက်လုံးတွေကို
ဖောက်ထုတ်ထားလိုက် ချင် ပါရဲ့ …

March 2, 2009

။ ။ ။ ~D_D~ ကိုရီးယားရောက်နေသည် ။ ။ ။

အပိုင်း (၁)


ရုံးပိတ်ရက်ကလေး ရှော့ပင်လေးပတ် ကိုရီးယားရဲ့လူနေစရိုက်လေးကိုလည်း လေ့လာရင်း နေ့ကလေးကို ကုန်ဆုံးဖို့ လှလှပပကလေးကုန်ဆုံးဖို့ပါ . . . . .
ရာသီဥတုကလည်းကောင်း ၊ လူလေးတွေကလည်း ချော .. .. အဲလိုနဲ့ပေါ့… အဲလိုနဲ့ပေါ့ …
နေ့သစ်လေးရဲ့ဂျာနီလေးကိုစလိုက်ရအောင်လား .. .. ..

အလုပ်ရဲ့ ဥပဒေကြောင့် ကားယူလာပိုင်ခွင့်မရှိတော့ Public Transportation နဲ့ နှစ်ပါးသွားရတာပေါ့ ။

Photobucket
PyeaungTeak Station



အမြန်ရထားပေါ်မရောက်ခင် ပေါ့နော်...
လက်မှတ်အ၀ယ်သွားတော့ အရောင်းစာရေးမလေးက ကြောင်ပြီးကြည့်နေလိုက်တာများ ကိုယ့်ခေါင်းပေါ်မှာ ဂျိုများပေါက်နေသလား ၊ သွားရော .. ခေါနေသလားလို့ ဘေးနားကမှန်မှာ ခပ်မြန်မြန်ကြည့်လိုက်မိတယ်။ ညကအိပ်ရေးပြတ်ထားလို့ မျက်ကွင်းလေးတွေ ညိုမှိုင်းမှိုင်းဖြစ်နေတာကလွဲရင် … လူက၀၀ ဖိုင့်ဖိုင့်နဲ့ ဖိုးဝရုပ်လေး အတိုင်းပါပဲ ။ ပြီးတော့မှ သဘောပေါက်လိုက်တာ … ကောင်မလေးက ပေးရမဲ့နှုန်းကို အင်္ဂလိပ်လို သူ့ရဲ့ခေါင်းထဲမှာ စဉ်းစားနေတာကိုး .. သူလေးအင်္ဂလိပ်စာ အခန်းတွေတော်တော်လစ်ခဲ့ပုံပါပဲ ၊ အမေပေးခဲ့တဲ့ သူ့လက်ချောင်းလေးတွေ ဒီအချိန်ကျ တော်တော်အသုံးဝင်သွားမှန်း သူလေး ခန့်မှန်းလို့ရသွားပုံပါပဲ ။ အဲဒါမှ ဒီကလည်း သဘောပေါက်ပြီး ကိုယ်လေးကိုင်း ၊ ဦခေါင်းလေးကို ညွှတ်ပြီးတော့ “ခမ်းဆာဟမ် မီတာ” ဆိုပြီး K လိုမှုတ်ရင်း .. ငွေချေပေးခဲ့ရတယ်။

Photobucket
ရထားရုံအရှေ့


ဒီလိုနဲ့ ရထားဆိုက်တော့ တိုးဝင်လိုက်ကြတာများ....ပါဆင်နယ်စပေ့ကို နယ်လွန်မခံနိုင်တဲ့ ကျွန်တော်က ခပ်တည်တည်နဲ့ သူတို့တွေ အ၀င်ကို စောင့်တာ … …. လွန်သွားတယ်ထင်ပါရဲ့ ၊ ၀င်မယ်လည်းလုပ်ရော ရထားတံခါးလေးက' ရွှီး' ခနဲ့ ။ သူငယ်ချင်းတွေရဲ့ မရိုးနိုင်တဲ့ မြည်တွန်းတောက်တီးသံတွေများ Rock Concert ရောက်နေသလားလို့ ။ အဲဒီ့လိုနဲ့ ၃၀ဒီဂရီ ရာသီဥတုကြီးကို နောက်ထပ် ၁၀ မိနစ် အံကြိတ်ပြီး ကြံ့ကြံ့ ခံခဲ့လေရဲ့ ။
ဒီလိုနဲ့ ရထားပေါ်ရောက်တော့ ပါဆင်နယ်စပေ့မပြောနဲ့ အသက်ရှုစရာ စပေ့တောင်မရနိုင်တဲ့ ဒီရထားကြီးပေါ်မှာ နာဇီခေတ်တုန်းက လူသတ်တဲ့ ခမ့်(မ) တွေကိုသယ်သွားတဲ့ ရထားကြီးအလား ဆိုး(လ်)မြို့ကြီးကိုဦးတည်ခဲ့လေရဲ့။

မြို့ကြီးက မွန်းကျပ်စွာနဲ့ ခမ်းနားပြည့်ကျပ်နေလျှက် .....

Photobucket
ဆိုး(လ်) station ကြီး အပေါ်မှ


'မြောင်ဒေါင်' လို့ခေါ်တဲ့နေရာလေးကိုရောက်တော့ မျက်ဝန်းတစ်ဆုံး ... လူတွေ ... လူတွေ … ဒီလောက်များတဲ့လူတွေ ဒီနေရာလေးတစ်ခုမှာ စုပြုံနေကြတာ။
အမေရိကားမှာဆိုရင် မကောင်းတဲ့ကောင်မလေးတွေရှိလို့စည်းကားတာ။ဒီမှာတော့ မသိဘူး ကောင်းလားမကောင်းလားဆိုတာ (အဟီး … လေ့လာရန် အဆင်သင့်ပါပဲ) ။ကြည့်ရတာ လူကောင်းလူသန့်လေးတွေ သွားလာလှုပ်ရှားနေကြသလိုပါပဲ။အဲဒါနဲ့ စူးစမ်းလေ့လာကြည့်လိုက်တော့ မြန်မာပြည်က တရုတ်တန်းတို့ ညဈေးတန်းတို့လို နေရာလေးကိုး။

Photobucketအရပ်က နည်းနည်းပုတော့ ပုံကသိပ်မမိုက်ဘူး ဖြစ်နေတယ်။ ခွင့်လွှတ်


ဒီလိုနဲ့.... ဒိုင်ဗင်ထိုးတော့မဲ့ ရေကူးသမားလို အသက်ကို ၀၀ရှုပြီး လူတွေကြားထဲ ဒိုင်ဗင်ဝင်ထိုးလိုက်လေရဲ့ .…

ပါစင်နယ်စပေ့ဆိုတာ အမေရိကားမှာတုန်းက ကိုယ့်နားတစ်ပေလောက် ကပ်လျှောက်ရင်ကို ဘုကြည့် ကြည့်ခဲ့တဲ့လူ။ ဒီမှာ ပခုံးချင်းပဲ ၀င်တိုက်ရင် ကံကောင်းတယ်လို့မှတ်ပါ။
လမ်းလယ်ခေါင်မှာငူတူတူ ရပ်နေရင်ချာချာလည်အောင်ဝင်တိုက်လိုက်ကြမှာများ....
မြေကြီးကိုလက်နဲ့ခတ်ရင်တောင် လွဲလိမ့်မယ်။ ဒါကတော့သေချာတယ်။
အသက်တူရွယ်တူတွေ ၀င်တိုက်ကြတဲ့အခါ 1/1000 sec လောက်ပဲ ကိုယ်လေးကိုင်း ခေါင်းလေးငုံ့ပြီး လှည့်ထွက်သွားလေရဲ့။ ဒါကို ဒေါသမထွက်လေနဲ့။ ဒါက သူတို့လေးတွေရဲ့ Apology ။

ဒီထက်ဆိုးတာရှိသေး .. ကိုရီးယားဟာ ဖိုးဖိုးကြီး ဖွားဖွားကြီးတွေ ကြီးစိုးတဲ့ နယ်မြေလည်းဖြစ်ပါရဲ့။ ရထားပေါ်မှာဆို သူတို့တွေနဲ့ မပြိုင်နဲ့။ နေရာလေးတွေ့လို့ထိုင်မယ် လို့စဉ်းစားတုန်း မိုင်၁၀၀ နှုန်းနဲ့ မိုးပေါ်ကကျလာတဲ့ ဖိုးဖိုး ဖွားဖွားတွေအလား ။
ဒါနဲ့ ၄၅ မိနစ်ရထားပေါ်မှာ ထိုင်ဖို့အတွေးတွေကို မြေမြုပ် သင်္ဂြုလ်လိုက်လေရဲ့။
ဒါနဲ့တင် ဖိုးဖိုး ဖွားဖွား တွေက မပြီးသေး ၊ လမ်းမှာသူတို့ဝင်တိုက်ရင် သူတို့ဆီက အကြည့်လေးတောင် မမျှော်လင့်လေနဲ့ … လူကိုရှိတယ်လို့်သတ်မှတ်တာမဟုတ်ဘူး ။
သူတို့ရဲ့ဓလေ့လေးတွေကိုကြည့်ပြီး … စိတ်ပဲတိုရမလိုလို ၊ ရီပဲရီရတော့မလိုလိုနဲ့ .. အင်တင်တင်ကြီးပါပဲ။
Photobucket
လမ်းပေါ်က အရုပ်ဆိုင်လေး

ဒီလိုနဲ့ရှော့ပင် စပတ်ပါရောလား .. .ဆယ်ကျော်သက်ကောင်မလေးတွေ မီနီ ပန့်လေးတွေနဲ့ နေရာတိုင်း ။
ဒီလို ရာသီဥတုကြီးမှာ ဒီလိုဝတ်စားလွန်းတော့ သံသယတောင်ဝင်မိတယ် ...ကိုရီးယားမှာ ဘောင်းဘီ အရှည်တွေများ ဈေးကြီးလွန်းသလားပေါ့နော်။
ယူလာတဲ့ ပန့်တွေ ကိုတောင် ဒိုနေးရှင်း လုပ်ပေးဖို့ သူငယ်ချင်းတွေကို လည်းစာရင်းကောက်ဖို့တောင် စဉ်းစားပြီးသွားပေါ့။ ထင်သလို ဒိုနေးရှင်း စာရင်းမကောက်လိုက်ရခင် သူငယ်ချင်းတွေ့ရဲ့ ချီးကျူးသံကို ကြားလိုက်ရလေရဲ့ “ဒုံးဝေးလိုက်ချည်းလား” တဲ့ ။

အဲဒါ ဖက်ရှင်စတိုင်(လ်) အသစ်တဲ့ …

အဲဒါနဲ့ နောက်တွေ့တဲ့ မီနီပန့်လေးတွေဆိုရင် ဒူးခေါင်းလေးတွေများတုန်နေသလားလို့
လိုက်ကြည့်လိုက်ရတာအမော။ တစ်ယောက်မှ မတွေ့ပါဘူး ။ အပြုံးမပျက် သူတို့လေးတွေရဲ့ တစ်နေ့တာ လုပ်ငန်းလေးတွေကို ဆက်လက် နေဆဲပဲ။

အံမခန်း ကိုရီးယား သတိခဲလေးတွေပါလားနော်...

Photobucket
ကြည့်ရင်းတောင် ကျောချမ်းမိပြီး ဒါလေးတော့မမြည်းခဲ့ပါဘူး



လမ်းပေါ်မှာတွေ့တဲ့ မုန့်သည်တိုင်းလောက်ကို အားပေးမိတာ ကျွန်တော့်ရဲ့အားနည်းမှု ပဲပြောမလားနော့။

Photobucket
မုန့်ချိုရောင်းနေတဲ့ ဖွားဖွားကြီး

တစ်ခါကတော့ ဖွားဖွားကြီးတစ်ယောက် တုန်နေတဲ့ ရာသီဲဥတု ကွင်းပြင်ကြီးထဲမှာ မုန့်ချိုလေးတွေ လုပ်ရောင်းနေလေရဲ့။သနားမိတဲ့ စိတ်ရယ် (တစ်ကယ်ပါ) စားကြည့်ချင်တဲ့ စိတ်ကြောင့် သူလုပ်ပြီးသမျှ မုန့်ချိုလေးတွေကို တတ်နိုင်သလောက်ဝယ်ပြီး လမ်းမှာတွေ့တဲ့ ကလေးတွေ ကိုလည်းမျှဝေပေးလိုက်လေရဲ့။ သကြားကို အရည်ကြိုပြီး အရောင်နဲနဲတင် ကွတ်ကီးလေးတွေလို အချပ်ကလေးတွေလုပ်ပြီး အလယ်မှာ အသည်းပုံ ဒီဇိုင်းလေးဖော်ထားတဲ့ မြန်မာပြည်က ထန်းလျှက်ယိုလိုမုန့်မျိုးလေးပါ ..

Photobucket
သီချင်းဆိုနေတဲ့ အာဂျူရှိကြီး နှစ်ယောက်


ပြီးတော့ လူတွေအုံနေတဲ့ နေရာလေးတစ်ခုကိုရောက် သွားတော့..... သီချင်းသံလေးကြားရတော့ စိတ်ဝင်စားလို့တိုးကြည့်မိတယ်။ ယောကျာင်္းသားကြီး နှစ်ယောက် ၊ သီချင်းလေးငြီးရင်း မုန့်တီခေါက်ဆွဲလောက်ရှိတဲ့ မုန့်တစ်မျိုးကို ဂျုံ မှုန့်ထဲနှစ်လိုက် ဆွဲဆန့်လိုက် လုပ်ရင်း ... နောက်ဆုံး ပင့်ကူမျှင်လောက်ပဲ ကျန်တော့တဲ့ အမျှင်လေးတွေအထဲမှာ အစာလေးတွေထည့်ပြီးလိပ်လေရဲ့။ မြေပဲလိပ် လေးတွေအတိုင်းပါပဲ။ သူတို့ရဲ့ Performance လေးကို ကြိုက်တာရယ်၊ မြည်းစမ်းချင်တာရယ်နဲ့ အားပေးခဲ့ပါသေးတယ်။

Photobucket
ငါးတုတ်ထိုး ... အကြီးကြီးပဲ ..


ဒီလိုနဲ့ ဆက်လျှောက်လာရင်း ရုပ်ရှင်တွေထဲမှာ တွေ့တွေ့နေရတဲ့ အကင်လေးတွေ .. .. ကိုရီးယားမရောက်ခင်ကတည်းက တွေ့ရင်စားမယ်လို့ အားခဲထားတော့ ကိုယ့်ကတိ ကိုယ်လည်းမဖြတ်ချင်တာနဲ့ အကင်တစ်ကင်လှမ်းနှိုက်လိုက်လေရင်း... သွား ၊ ပါးစပ် နဲ့ လျှာကို အလုပ်သစ်ပေးလိုက်လေရဲ့ ။

သိပ်မကြာပါဘူး .. .ပါမစ်မပေးပဲနဲ့ ကုလားဘင်ခရာအသင်းကြီးက ဗိုက်ထဲမှာ လှည့်ပတ်နေလေရဲ့။ နီးရာ စခန်းမှာ Business ကို မြန်မြန် ထိန်းသိမ်းလိုက်ရတယ်။

Photobucket
အီထယ်ဝမ်း

ဒါနဲ့ 'အီထယ်ဝမ်း' လို့ခေါ်တဲ့ အီလက်ထရောနစ် မောကြီးထဲ ရောက်သွားတယ်ပေါ့ ။ လိုချင်တဲ့ပစ္စည်းလေးတွေ တွေ့ရင်ကိုင်ကြည့်ပေါ့ ... အာရှသားရုပ်ပေါက်တဲ့ ကျွန်တော့်ကို အမြဲ K လိုလာပြောတတ်တယ်။ ကျွန်တော်ကလည်း မရိုင်းပါဘူး ၊ သူတို့ပြောချင်တာလေးတွေ ပြီးတဲ့အထိ ပြုံးပြုံးလေးနဲ့ နားထောင်ရင်း အမြဲစောင့်ပါတယ် ။ ပြီးမှ ကိုရီးယားလို မပြောတတ်ဘူးလို့ မနည်းငြင်းယူရတယ်။
အဲဒီ့မှာ ပြဿနာကစတာပဲ … … …
သူတို့က ကျွန်တော်တို့ကို ကိုရီးယန်း မဟုတ်မှန်းလည်းသိရော ပစ္စည်းဈေးနှုန်းက သုံးဆလောက် ခုန်တက်သွားလေရဲ့။ သူတို့လေးတွေက ပစ္စည်းကို ဈေးနှုန်းကပ်မထားတော့ သူတို့ခေါ်ချင်သလောက်ခေါ်ပါလေရော။ အဲဒီမှာ တတ်ထားသမျှ K တွေရော Signs Language တွေရော အသုံးဝင်လာပါရောလား ။ သူတို့ကဈေးခေါ်ရင် ကျွန်တော်တို့ တစ်ဖွဲ့လုံးကတတ်ထားတဲ့ “ခါ ဂါ ကူး ဆယ်ရော” ဆိုတဲ့ ဈေးလျှော့ပါဦး လို့ အဓိပါယ်ရတဲ့ စကားလုံးကို ပိုက်ဆံအိတ်ထဲမှာရော ဦးနှောက်ထဲမှာပါ မင်နီနဲ့ ရေးဆွဲမှတ်သားထားလေရဲ့ ။ အဆင်မပြေရင် လက်ခါပြပြီး လှည့်ထွက်တာ ကျွန်တော်တို့ အလုပ်။နောက်ကနေ လိုက်လာပြီး ကျွန်တော်တို့လိုချင်တဲ့ဈေးကိုပေးပြီး ရောင်းတာက ကိုရီးယန်းတွေရဲ့ အလုပ်။ ဒီလိုနဲ့ဈေးတည့်ရင် ပစ္စည်းအိမ်ပါလာတယ်ပေါ့ ။

Photobucket
NuthinG but CLOTHES in dis MalL


သူငယ်ချင်းတစ်ယောက်က သူလိုချင်တဲ့ အင်္ကျီလေးတွေ့ပါတယ်။ ဆိုင်ပိုင်ရှင်ကောင်မလေးနဲ့ ဈေးကိုတော်တော်လေးညှိယူလိုက်ရတယ်။ ဒီလိုနဲ့ဈေးလည်းတည့်ရော သူငယ်ချင်းက အင်္ကျီကို ၀တ်ကြည့်တော့ တစ်ဆိုဒ်လောက်သေးနေတယ်။ အဲဒါနဲ့ ဆိုဒ်ရှာပေးမယ်ဆိုပြီး ကောင်မလေးက ဆိုင်အတွင်းပိုင်းကို ၀င်သွားတယ်။ တော်တော်နဲ့ထွက်မလာတာနဲ့ အတွင်းထဲကို လိုက်ဝင်ပြီးကြည့်တော့ … ဟောဗျာ … သူနဲ့ နောက်ထပ်ကောင်မလေးနဲ့ အင်္ကျီကို တစ်ယောက်တစ်ဖက်ကိုင်ပြီး ဆွဲဆန့်နေကြတာဗျ ။ ကျွန်တော်တို့လည်း ပါးစပ်ဟောင်းလောင်းနဲ့ ဘာပြောရမှန်းမသိ။ သူငယ်ချင်းကလည်း တစ်အင်အင် နဲ့ဖြစ်သွားပါရောလား ။ ဒါနဲ့ ကောင်မလေးက နောက်ထပ်ဈေးထပ်လျှော့ပေးရှာတယ်။

အော် .. .. ကိုရီးယားသူ တွေ ပစ္စည်းတစ်ခုကိုရောင်းချင်ရင် အဲဒီလောက်ကြီးထိ စိတ်ကြီးရှာပါကလားနော် ။ နောက် ကိုရီးယားမှာ ပစ္စည်းဝယ်ရင် သူတို့ပေးတဲ့ ဆိုဒ်ကိုသာယူဖို့ အကြံဥာဏ်ပေးပါရစေလား … … …

။ ။ ။ နောက်မှ ဆက်ပါဦးမည် ။ ။ ။

March 1, 2009

ဒုစရိုက်ပန်းများ

တာရှည်ငြီးငွေ့မှုရဲ့သားကောင် ညည်းတွားနေသူ ၀ိညာဉ်အပေါ်
နိမ့်ကျ လေးလံတဲ့ ကောင်းကင်က အဖုံးလို ဖိလာတဲ့အခါ
မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို ဖက်ပွေ့ရင်း ညထက်များစွာ
မှောင်မည်းတဲ့ အနက်ရောင်နေ့ကို ငါတို့ပေါ် သွန်းချလိုက်တဲ့အခါ...

မျှော်လင့်ခြင်းဟာ လင်းနို့တစ်ကောင်လို ဟိုဒီ ပျံသန်းရင်း
နံရံတွေကို ကြောက်ကြောက်ရွံရွံတောင်ပံလေးနဲ့ ရိုက်ခတ်ကာ
တုတ်အဆွေးအမြေ့တွေကို ခေါင်းနဲ့တိုက်ကာ ဖြစ်နေရတဲ့
စိုထိုင်းထိုင်း အကျဉ်းတိုက်အဖြစ် လောကမြေကို ပြောင်းလဲလိုက်တဲ့အခါ

မိုးဟာဧရာမ သူ့မြားတံကြီးတွေကို ဖြန့်ကျက်ရင်း
ကျယ်ဝန်းတဲ့ ထောင်ရဲ့ တန်းများကို တုပလာတဲ့အခါ
စက်ဆုပ်ဖွယ် ပင့်ကူငြိမ်ဆိတ်ဆိတ် တစ်အုပ်ဟာ
ငါ့တို့ ဦးနှောက်ရဲ့ အတွင်းနက်နက်ထဲ အိမ်ဖွဲ့လာကြတဲ့အခါ...

ခေါင်းလောင်းတွေ ရုတ်တရက်အရူးအမူးပေါ်လာကြပြီး
ကြောက်ဖွယ် အူသံတစ်သံကို ကောင်းကင်ဆီ ပစ်လွှင့်လိုက်ကြတယ်။
လှည့်လည်နေတဲ့ အိုးအိမ်ကို နာနာဘ၀များ
ခေါင်းမာမာနဲ့ စတင်ငိုကျွေးရင်း ဟစ်လိုက်ကြသလိုပါပဲ

ပြီး ရှည်လျားလျား မသာရထားများ၊ဗုံမပါ ဂီတမပါ
ဖြည်းဖြည်းချင်း ငါ့ဝိညာဉ်ထဲက ဖြတ်နှင်သွားကြတယ် မျှော်လင့်ခြင်းဟာ
စစ်ရူံးလို့မို့ ငိုနေလေရဲ့ ရက်စက်တဲ့ အာဏာရှင် နွမ်းလျမှုက
သူ့အနက်ရောင် အောင်လံကို ငိုက်ကျနေတဲ့ ငါ့ဦးခေါင်းမှာ စိုက်ထူလေရဲ့
(ထင်းရူးပင်ရိပ် မှ......)

Monster Inc.



အဲ့ဒီ့လိုကားအသစ်မျိုး လိုချင်ကြလား ??

February 25, 2009

ရောင်စုံ ရည်းစာ...

ရည်းစားစာပေးတဲ့အကြောင်းဆိုလို့ ကျွန်တော့်သူငယ်ချင်းတယောက်ရည်းစားစာ လိုက်ပေးတုန်းကအဖြစ်အပျက်ကိုသတိရမိသေးတယ်။

သူ့နာမည်က‘ဂြိုဟ်သား’ တဲ့......ရုပ်ကတော့ ဗေလုဝ နဲ့ နဂါးလေးဝင်းနိုင် စပ်ကျထားသလို သေးသေး ညှပ်ညှပ် ပုပု နဲ့ ဂြိုဟ်သားချော ချောတယ်ပေါ့။

တနေ့ အဲ့ဒီ့ကောင် ကောင်မလေးတယောက်ကို ရည်းစား စာလိုက်ပေးမလို့ဆိုပြီး ကျွန်တော်တို့ကိုလာခေါ်တယ်။
အားလုံးကလည်း ဒီလိုကိစ္စမျိုးဆို နှစ်ခါမခေါ်ရဘူး....တခါထဲနဲ့ကိုပါသွားကြတာ (သူငယ်ချင်းတွေကို... နော့)
ဟိုကိုရောက်တော့ သူ စာပေးမယ့်ကောင်မလေးကမလာသေးဘူး။
အဲဒါနဲ့ဘဲ အနီးအနားကလဖ္ဘက်ရည်ဆိုင်ထဲဝင်ပြီး ဟိုကြည့်ဒီကြည့် ဒီကြည့်ဟိုကြည့်နဲ့ပေါ့။
ရာသီဥတုကတော့ သူ့ဘက်မှာရှိတဲ့ပုံဘဲ။ မိုးသားတိမ်လိပ် တွေကချက်ချင်းကြီးကို မဲကျလာတာ။
ခဏကြာတော့ မိုးတွေနဲ့ အတူ ကောင်မလေးတယောက် လမ်းလျှောက်လာပါလေရော။
အဲ့ဒါကိုလည်းတွေ့ရော ဂြိုဟ်သားတယောက်ထိုင်ရမလို ထရမလိုနဲ့ ကကုန်းကွကွဖြစ်နေတော့မှ သူ စာပေးမယ့်ကောင်မလေးမှန်းသိကြတော့တယ်။
အားလုံးကလည်း ကြောင်တောင်တောင်ဖြစ်ပြီး သူ့ကိုငေးကြည့်နေကြတာပေါ့။ ဘာများထလုပ်တော့မလဲဆိုပြီး။
ပြီးမှ "သွားပြီကွာ" ဆိုပြီး အဲ့ဒီ့ ကောင်မလေးနောက်ကို တချိုးထဲ ထလိုက်သွားတော့တာ။
စဉ်းစားကြည့်ဗျာ မိုးရေထဲမှာ ဘယ်သူရည်းစားစာလိုက်ပေးဖူးလို့လဲ?
ထီးလိုက်ပေးပြီး မျက်နှာကောင်းယူတယ်ဆိုရင်လည်းတမျိုးပေါ့ အခုဟာက တားချိန်တောင်မရလိုက်ဘူး...
ဂြိုဟ်သား ရဲ့လျှင်မြန်ချက်ကိုပြောပါတယ် (သူငယ်ချင်းတူ သူငယ်ချင်း...ကိုး)။
ကျွန်တော်တို့တတွေလည်း လိုက်လာပြီးမှတော့ မထူးတော့ဘူးဆိုပြီး အရိပ်အချေကို လိုက်ပြီး အကဲခပ်ရတော့တာပေါ့။

ကောင်မလေးကလည်း သူ နောက်ကလိုက်လာမှန်းတောင်မသိဘူး။
မိုးတွေရွာ နေပြီး ထီးကလည်းမပါတော့ ခပ်သွက်သွက်လေးလျှောက်နေတာ။
အဲဒါကို သကောင့်သားက "ဟိတ်! ဟိတ်! ဒီမှာ" ဆိုပြီး အလိုက်မသိဘဲ နောက်ကနေလှမ်းခေါ်တယ်။
ပထမ တခါတော့ကောင်မလေးက သူ့ကိုခေါ်နေမှန်းမသိဘူး။
အဲ့ဒါကို ထပ်ခေါ်ပြီး "ဟိတ်! ဒီမှာ.... ရော့!" ဆိုပြီး ရည်းစား စာကြီးကို တခါထဲ ထိုးပေးလိုက်တာ။
ဟိုကောင်မလေးကလည်း စာပေးတာကို ထီးပေးတယ်ထင်ပြီး...ဆတ်ခနဲယူပြီး ဖွင့်မယ်လုပ်ပြီးမှ သူ့လက်ထဲမှာ ထီးမဟုတ်ဘဲ စာရောက် နေတာမြင်တော့ ကြောင် သွားတာပေါ့။
"ဒါဘာကြီးလဲ?" တဲ့။ သေရော......။
ဂြိုဟ်သားကတော့ သူ့မှာရှိတဲ့ သွား သုံးဆယ့် နှစ်ချောင်း ပေါ်လုမတက် အစွမ်းကုန်ဖြီးပြ (အဲ...ဟုတ်ပေါင်) ပြုံးပြပြီး... အချိုသာဆုံး သူ့ရဲ့ ဂြိုဟ်သားသံနဲ့ "အဲ့ဒါ ရည်းစားစာလေ" တဲ့ ။ သွားပြီ...။
ကောင်မလေးလဲ အတော်စိတ်ဆိုးသွားတာပေါ့။
ဒီလောက် မိုးတွေရွာလို့ ပြေးနေတာကို စာလိုက်ပေးရဲသေးတယ်ဆိုတဲ့သဘောနဲ့ ဘုကြည့် ကြည့်ပြီး...
ဘာစိတ်ကူး ပေါက်သွားတယ်သိဘူး.....ပြီးမှ...သူ့လက်ထဲက စာကို မိုးကာတဲ့သဘောအနေနဲ့ ဖြန့်ပြီး...ခေါင်းပေါ်တင်ပြီး ဆက်လျှောက်သွားတယ်။
အဲ့ဒါကိုမြင်တော့ ဂြိုဟ်သားလည်း ကြေကွဲတာပေါ့နော်။
သူ ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား ရေးထာတဲ့စာကို အဲဒီလိုလုပ်လိုက်တော့...
(သူပြောတာတော့ သုံးညတိတိ မအိပ်ဘဲ ရေးထားတဲ့ ရည်းစားစာဆိုဘဲ ။ ဒါကြောင့် အတန်းထဲမှာ စာကောင်းကောင်းမသင်ဘဲ အိပ်နေတာ..... အဲဒီ့ လောက်အထိကို ကြိုစားပြီး ရေးထားရတာ)
ဒါပေမယ့်..ဘာပြောရဲမှာလဲ..... ပါးမရိုက်ခံရတာတောင် ကံကောင်းလို့မဟုတ်လား။

ဒီလိုနဲ့ဘဲ.... ကောင်မလေးရဲ့နောက်ကနေ.... ခေါင်းငိုက်စိုက်နဲ့ မိုးရေထဲမှာ ကြေကွဲလို့ကောင်းနေတုန်း......
ကောင်မလေးက အနောက်ကိုလှည့်ပြီး... "ရှင် ဘာလို့ ဆက်လိုက်နေတာလဲတဲ့"
".........." ဂြိုဟ်သား ဘာမှမဖြေပါဘူး။ သူပါးစပ် အဟောင်းသားနဲ့ဘဲကောင်မလေးကိုကြည့်နေတယ်။
ကျွန်တော်တို့အားလုံးလဲ အလန့်တကြားနဲ့ ဘာပြောလို့ ပြောရမှန်းတောင်မသိတော့ဘူးဖြစ်သွားတယ်။
ဘာလို့လဲဆိုတော့ ကောင်မလေးရဲ့ မျက်နှာပေါ်မှာ...သူပေးထားတဲ့ ရည်းစားစာကနေ စီးကျနေတဲ့ မှင်ရောင်စုံတွေ...
အနီ၊ အမဲ၊ အပြာ အရောင်စုံပါဘဲ။
သုံးညလုံးလုံး မအိပ်ဘဲ လက်ကမြင်းထားတဲ့ ရောင်စုံ မှင်စို ဘော(လ်)ပင်တွေ အစွမ်းက မိုးရေနဲ့တွေ့တော့ တခါတည်း ကိစ္စပြတ်ရောပေါ့။
ကောင်မလေးကလဲမသိဘူး။ ဂြိုဟ်သားကလဲဘယ်ပြောရဲမလဲ...သူပေးတဲ့ စာကနေ ရောင်စုံတွေ ဖြာနေတာကိုး။

ဂြိုဟ်သားလဲကြောင်တောင်တောင် ရပ်နေရော ကောင်မလေးလဲ သူအော်လိုက်လို့ ကြောက်ပြီး သူ့နောက် ဆက်မလိုက်တော့ဘူးအထင်နဲ့ ဆက်သွားတယ်။(အမှန်ကတော့ သူ့ရဲ့ရောင်စုံမှင်တွေနဲ့မျက်နှာကိုမြင်လို့ လန့်ပြီးမလိုက်တော့တာ..သူကတော့ဘယ်သိပါဦးမလဲ)
အခြေအနေကမကောင်းတော့ ကျွန်တော်တို့လဲ ပြေးဖို့ချောင်းရပြီပေါ့။
ဂြိုဟ်သားကလဲ ဟိုလိုလို ဒီလိုလို လုပ်ပြီး ဟိုကြည့်ဒီကြည့်နဲ့ ပြန်ပြေးလာတယ်။
မပြေးလို့လဲမရတော့ဘူးလေ။ဟိုကောင်မလေးဒီအကြောင်းသိတာနဲ့ သူ့ကိုအရှက်လိုက်ခွဲပါတယ်ဆိုပြီးတော့ ဆော်ပလော်တီးတော့မှာကိုး။
ခုနကတော့ အသဲကွဲပြနေပြီး....အခုတော့ ကြောက်ကြောက်နဲ့ပြေးလာတာများ လျှာတောင်ထွက်တယ်။


မတိုင်ပင်လိုက်ရဘဲ အားလုံး တပ်ညီလက်ညီနဲ့ ခြေကုန်သုတ် ပြေးလာကြတာ အိမ်ကိုဘယ်လိုပြန် ရောက်လာမှန်းတောင်မသိလိုက်ကြဘူး။(အဲ့ဒီ့ လောက်အထိကို လျှင်မြန်ကြတာ)
ကောင်မလေးလဲဘာဖြစ်ပြီး ကျန်ခဲ့တယ်မသိဘူး။ (အတော့်ကို စိတ်နာနေမှာတော့သေချာတယ်။)
ဂြိုဟ်သားလဲ အဲ့ဒီ့လမ်းကို မျက်စောင်းတောင်ထိုးပြီး မကြည့်ရဲတော့ဘူး။
သွားစရာရှိရင်တောင် တခြားကဘဲပတ်သွားတယ်။အဲ့ဒီလောက်အထိတောင် ကြောက်တာ။(ဂြိုဟ်သားသတ္တိပေါ့)

ဒီလိုနဲ့..........
ဒီလိုနဲ့ဘဲ..ဂြိုဟ်သားရဲ့ ရည်းစားစာလိုက်ပေးတဲ့ကိစ္စကြီးကလည်း ကြေကွဲစရာ ပုံပြင်တပုဒ်အနေနဲ့ဘဲ ကျန်ခဲ့ပါတော့တယ်ဗျာ။


ဂန်ဂျာ

February 23, 2009

..လူငယ်တစ်ယောက်၏ ရင်ဖွင့်ခန်း..

မင်းအပြုံးလေးတွေ တွေ့လိုက်တိုင်း ရင်ထဲမှာ စိမ့်ခနဲ့
ပါးချိုင့်လေးကြောင့်မဟုတ် ရပါဘူး …
အထစ်လိုက်ဖြစ်နေတဲ့ မင်းရဲ့မညီမညာ သွားလေးတွေကြောင့်ပေါ့ …
မင်းနဲ့ မျက်လုံးချင်းစုံ မိတိုင်း ..
ငါ့စိတ်တွေ ဂနာမငြိမ် တွေဖြစ်လာတယ် ..
မင်းလေးရဲ့ ဆွေနေတဲ့ မျက်လုံးလေးတွေက ..
ဘယ်သူ့ကိုများ ဆွဲဆောင်နေလဲ လို့ ..
ငါလေ အမြဲ အမြင်မှားခဲ့မိတယ် ..
တစ်ကယ်တော့ မင်းမျက်လုံးလေးတွေက ..
တစ်ခြားရောက်နေခဲ့လဲ .. ငါသာပိုင်ဆိုင်ခဲ့တယ်လို့ မသိခဲ့လို့ပေါ့ …
မင်းနဲ့ အတူ အနီးကပ်နေခွင့်ရတိုင်း …
ငါလေ .. မင်းပါးလေးပေါ်က သနပ်ခါးနံ့လေးကို နှစ်သက်မိပါရဲ့ …
မင်းရဲ့ .. ချွေးနံ့လေးတွေကို အမြဲ အနိုင်ယူခဲ့နိုင်လို့ပဲ ..
မင်းရဲ့ချိုသာလှတဲ့ အသံလေးကြောင့် ထင်ပါရဲ့ ..
စတွဲတဲ့နေ့ကစပြီး .. ငါရဲ့ Ipod လေးကို ညတိုင်းအားသွင်းရလေရဲ့ …

မင်းလေးကို စပြီး .. ပိုးကတည်းက ..
ငါ့မိဘတွေ ကုန်လိုက်တာ တောက်တောက်လဲပဲ ..
ငါသိပ်နှစ်ချိုက်တဲ့ … GIORDANO လေးတောင်
အဖောင်ကြီးဆီ မျက်စိလည် ခြေထောက်ပေါက်ပြီးရောက်သွားလေရဲ့ ..
စာဆိုရှိဖူးတယ် မဟုတ်လား …
အနှစ်နှစ် အကာကာ ချစ်တော့ လွယ်လွယ်နဲ့ဘယ်လက်လျှော့မလဲ ..
အိမ်ကကားကြီး ရှေ့မီးခွက် နောက်မီးခွက် ဟောင်လောင်းနဲ့ …
ဖားသားကြီး ကြက်တန်းကို မောင်းချသွားလေရဲ့ …

အဲလိုနဲ့ မင်းရဲ့ ညှို့စက်ကွင်းမှာ … ငါလေ ..
ဟန်နက်(စ်)စီ တစ်ပုလင်းနဲ့ .. ရစ်မူးခဲ့လေရဲ့ ..

မင်းမချစ်နိုင်တော့ဘူးလို့ ငါ့ကို ငြင်းတဲ့နေ့ကလေ …
Golden Gate တံတားကြီးပေါ်ကခုန်ချခါ နီးနီးမှ ..
ရေကူးတင်တန်းတက်တုန်းက လစ်ခဲ့တဲ့အချိန်တွေကို ပြန်မြင်ယောင်ရင်း ..
မြင့်မိုလ်တောင်ထိပ်မှာ မုန့်ဟင်းခါးဖတ်နဲ့ ဆွဲကြိုးချ ပြီး …
ငါ့အချစ်ကို သက်သေပြ ခဲ့တယ် ..

မင်းထားခဲ့တဲ့နေ့တွေဟာ .. အေးလွန်းလို့
လီယိုနာဒိုလို .. ခဲပြီးမဂန့်အောင်
ငါလေ .. အခန်းထဲမှာ ကြိတ်ပြီး
လက်ချောင်းလေးတွေကို ကီးဘုတ်ပေါ်မှာ
လေ့ကျင့်ခန်းတွေ ပေးခဲ့တယ် အချစ်ရာ ..

အချစ်ရယ် လောကကြီးက မတရားဘူးကွယ် …
မင်းလည်းမတရားဘူး ..
မင်းရဲ့အလှတရားတွေ ထဲမှာ ငါ့လောက်ရူးမိုက်မဲ မဲ့လူ ရှိနိုင်ဦးမလား …

~D_D~

မာနမျက်ရည် ..

မင်းသိပ်ပြီးအထင် ကြီးခဲ့တဲ့ အဲဒီမာနကြီးက …
ငါတို့နှစ်ယောက်ကို ဒီအခြေအနေထိ တွန်းပို့လိုက်ပြီလေ ..
မင်းလိုချင်တာ ဒါတွေလား ..
အဲဒီမာနကြီးကိုပဲ တစ်သက်စာ ပိုက်ထွေးပြီး
မင်းပျော်နေလေ …
တစ်ရက်မှာတော့ မင်းကို တစ်ဘ၀စာ သူအလဲထိုးလိမ့်မယ်. . .
သတိထားပေါ့ … သူ များလက်ညှိထိုးမခံ ရအောင် ..
အဲဒီအခါကျ မင်းမပျော်နိုင်တော့မှာ စိုးလို့ပါ ..
မာနနဲ့ ဘ၀ကို မလဲမိစေနဲ့ ချစ်သူ ..
တစ်ချိန်ချိန်မှာ နောင်တရမှာစိုးရိမ်မိတယ် …
မာနနဲ့ အချစ်ကို တန်းတူမထားမိစေနဲ့ …
အချစ်က တန်ဖိုးမရှိတော့မှာ စိုးရိမ်ရတယ် ..
မာန ချင်း မာန ချင်း မယှဉ်မိစေနဲ့ …
မင်းနဲ့ငါ .. နှစ်ဦးစလုံး ဆုံးရှုံးမှာ သေချာနေလို့ပါ …

~D_D~

February 22, 2009

အိပ်မက်မဟုတ်သော အိပ်မက် ...

မင်းနဲ့ပက်သက်ခဲ့သမျှတွေကို မေ့နိုင်ဖို့နေ့ရက်တွေ ရှားပေမယ့် ..
မင်းပေးခဲ့တဲ့ဒဏ်ရာအမာရွတ်တွေနဲ့ . . .
ရင်ခုန်သံမမှန်နိုင်တော့တဲ့ .. ငါရဲ့နှလုံးသားတစ်စုံအကြောင်း
စဉ်စားမိတိုင်း .. .. .. ခွင့်လွှတ်နိုင်ပေမယ့် …
နာကျဉ်းသွားတဲ့ စိတ်တစ်စုံက …
မင်းဆီက ဒီလိုအနာတရမျိုး ထပ်မံရယူဖို့ ဆိုတာ ..
အိပ်မက်တစ်ခု အဖြစ်တာ လက်ခံမယ် …

~D_D~