March 25, 2009

ပါတနာကြီး

မပြီကလာ ပြီကလာ စကားတွေ သူယောင်ချ …
အိပ်ချင်သံလား မပီသံလား နည်းနည်းမှမကွဲဘူးဗျ..
“အင်း” ပြီးမှ နားလည်သလိုလို အယောင်ဆောင်ပေါင်းများပြီကို..
စကားဝဲသလား မေးမိတော့ ၀ူးဝူး ၀ါးဝါးနဲ့အော်တယ်ဗျို့ …

ကြိုက်တတ်လိုက်တဲ့ အရုပ်က သူ့ထက်နှစ်ဆကြီးတယ် ခင်ဗျ …
တူချင်လွန်းလို့ သူကျင့်ကြံ သန်းခေါင်ယံကျော်သွားပြန် …
အိပ်ပါဆိုလည်း သူမအိပ်တော့ ဘလော့တွေလျှောက်ဖတ်တတ်တယ်ဗျို့ ..
စားရှာသော်လည်း မ၀ပြန် ဘ၀ပေး ကုသိုလ်ကံ …
ဒါပေမယ့်လည်း သူလက်မလျှော့ ဖရဲသီးတစ်ခြမ်းကုန်တယ်ဗျို့ ..

တစ်ခါတစ်ခါ သူ အားနာလွန် အံသြလောက်အောင် အဖြစ်တွေမွန် …
မမေးပါနှင့် ယောင်လို့မှ သူအလွန် စိတ်နာသွားတတ်ပါ့ …
အားမနာတတ်ဖို့ သင်ပေးလျှင် သူလက်မခံချင် ..
အမေပေးတဲ့ အူဝဲပီဇ သွေးကြောထဲမှာစီးဝင်တယ်ဗျ ..
စွန့်လွှတ်ဖို့က ခပ်ရေးရေးဆိုတော့ ထပ်ပြီးမပြောချင်တော့ ..

တစ်ခါကလည်း သူအ၀တ်မှား ခြေဖနောင့် အနာဖြစ်သွား ..
ဒါပေမယ့်လည်း သူဇွဲမလျှော့ နောက်နေ့ကျတော့ ခွင့်ယူသဗျို့ ..
တစ်သက်နဲ့တစ်ကိုယ် မကြုံဖူး လေးစားမိတဲ့ သူလိုလူမျိုး …

March 24, 2009

ပထမဆုံးသော...အပိုင်း(၁)

ပြောရမယ်ဆိုရင်တော့....ပထမဆုံးလေးတွေအများကြီးပါတဲ့ပို့စ်တစ်ခုပဲပေါ့ဗျာ။

ဒီလိုဗျ...ကျွန်တော်ကတောသားလောက်နီးနီးခေတ်မှီတယ်ဆိုရမယ်။ရန်ကုန်မြို့ကြီးကို ကြီးကောင်ပေါက်မှပြန်လာနေရတာကိုး။ ငယ်ငယ်တုန်းကတော့အဖေနဲ့တောက်လျှောက်လိုက်ပြီး
နေခဲ့တာလေ။အဖေက၀န်ထမ်းဆိုတော့နယ်တကာလှည့်ပြီးတာဝန်ထမ်းဆောင်ရတာ။
အမေကတော့ရန်ကုန်သူ၊ရန်ကုန်မှာပဲအနေများပါတယ်။ကျွန်တော့်အဖေကလဲခြေထောက်ဗွေပါတဲ့သူဆိုတော့
သွားလိုက်ပြန်ပြီရှမ်းပြည်၊ ရောက်သွားပြန်ပြီအောက်ပိုင်းကမွန်တို့၊ကရင်တို့။
ပြီးတော့ ပြန်စုန်တက်သွားတာရခိုင်နဲ့အထက်အညာသို့။
အဖေ့နောက်ကလိုက်တဲ့ကျွန်တော်ကလဲ နယ်စုံရောက်ဖူးတာပေါ့။
အဲ......ရန်ကုန်မြို့ကြီးကိုတော့ ၉တန်းနှစ်လည်လောက်မှ ပြန်ရောက်တာ၊ ပြန်နေဖူးတာခင်ဗျ။
အဲဒိတော့ကျွန်တော့်ရဲ့လူရည်လည်မှုကလဲ တောသားနဲ့သိပ်မကွာဘူးပေါ့ဗျာ။

ရန်ကုန်ကိုရောက်ပြီးကျောင်းတက်တော့လဲဒီအတိုင်းပါပဲ။ နယ်မှာနဲ့ကကွာခြားလွန်းတယ်ဗျ။
ရန်ကုန်မှာက ဆရာ၊ဆရာမတွေကိုရိုသေမှုကနည်းနည်းများ 'ပေါ'့မလားလို့ပါ။ကျွန်တော့်အထင်ပေါ့နော်။
ဒါနဲ့...၁၀တန်းနှစ်လဲရောက်ရော ကျွန်တော်လဲသူငယ်ချင်းတွေမြှောက်ပေးတာနဲ့
ရည်းစားလေးတစ်ယောက်ဖြစ်ဖြစ်မြောက်မြောက်ထားဖြစ်ပါရဲ့။

ကျွန်တော့်ရဲ့ပထမဆုံးရည်းစားကိုသွားကြိုတဲ့နေ့ကပေါ့ဗျာ.....
အဲဒိနေ့ကကောင်းကင်မှာမိုးတွေညိုနေတယ်။ သူ့အိမ်ကနေသူတက်တဲ့ကျူရှင်ကိုသွားတော့
ကျွန်တော်လိုက်ပို့ပေးပြီးတော့ ပြန်ကြိုမယ်ပေါ့ဗျာ။ ဒါနဲ့ကျွန်တော်လဲသူလာမယ့်ကားဂိတ်မှာ
သွားစောင့်နေလိုက်တာပေါ့။ သူလာနေပါပြီ...ဘေးလွယ်အိပ်လေးစလွယ်သိုင်းပြီးတော့ပေါ့ဗျာ။
သူကိုတွေ့လိုက်တော့အရမ်း ရင်တွေခုန်သွားတာပေါ့။ခြေတွေ လက်တွေအေးပြီး ဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့ဘူးလေ။
တခါမှအဲဒိလိုမကြုံဖူးဘူးဗျ...တကယ်။ သူလဲရှက်နေတယ်ဗျ။
ဒါနဲ့ပဲကျွန်တော်ကစပြုံးပြလိုက်ပြီးတော့..သွားမယ်လေဆိုပြီးကားပေါ်တက်ကြတာပေါ့။
နှစ်ယောက်သားရှက်ရှက်နဲ့ကားပေါ်တက်လိုက်တာ ကားနံပါတ်ကိုမကြည့်မိဘူး။ ကံကောင်းလို့ပေါ့ဗျာ။
သူ့အိမ်နဲ့ ကျူရှင်နဲ့က ကားနှစ်မှတ်တိုင်ပဲစီးရတယ်။ပြီးတော့အဲဒိလမ်းပေါ်ဆွဲတဲ့ ကားတော်တော်များများကလဲ ကျူရှင်ရှိတဲ့ကားမှတ်တိုင်ကိုရောက်လို့ပေါ့။ မဟုတ်လို့ကတော့ အဲဒိမှကတည်းကစလွဲပြီလေ။

ကားပေါ်ရောက်တော့လဲ ကျွန်တော်က သူ့ကားခကို ပေးမလို့လုပ်တာသူကရှက်နေပြီးသူလဲပေးနေလို့..
စပယ်ယာခမျာဘယ်သူ့ဆီကယူရမလဲမသိဖြစ်နေသေးတယ်။ပြီးတော့မှကျွန်တော်အတင်းပေးလိုက်ရတာ။
ကားပေါ်ကဆင်းပြီးကျူရှင်ကိုသွားတဲ့လမ်းတလျှောက်မှာလဲလမ်းလျှောက်ရင်နှစ်ယောက်သားခပ်ခွာခွာလျှောက်ဖြစ်တယ်။လျှောက်နေရင်းနဲ့လူတွေဘာတွေလာလို့
ရှောင်လိုက်ရင်တိုက်တိုက်မိတယ်ခင်ဗျ။လူနှစ်ယောက်ကခပ်ခွာခွာနေပြီးတပြိုင်တည်းလမ်းလျှောက်နေတာလေ။
လမ်းလျှောက်ပြိုင်နေသလိုပဲ....ဟီးဟီး။ဒါလည်း... ရည်းစားနဲ့ပထမဆုံးလမ်းလျှောက်ခြင်းပါပဲ။

ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် စကားလဲမပြောကြဘူး။ခေါင်းကြီးတွေငုံပြီး လျှောက်နေတာ
ကျူရှင်ရောက်တဲ့အထိပဲဗျ။ ကျူရှင်လှေကားရောက်တော့မှသူကသွားတော့မယ်ဆိုပြီး
လှေကားပေါ်တက်မလို့လုပ်တယ်။အဲဒိတော့မှ ကျွန်တော်လဲသတိရလာပြီးအပြန်စောင့်နေမယ်နော်
လို့ အလောတကြီးပြောလိုက်မိတယ်။ပြောသာပြောလိုက်တာ ကျွန်တော်လဲသူကျူရှင်ချိန်ကိုမသိဘူးဗျ။
ဘယ်အချိန်ပြန်ဆင်းမလဲဆိုတာလေ။သူတက်သွားတာတော့၆နာရီပဲ။
သူ့ကျူရှင်ချိန်မပြီးမချင်းအတွင်း ဘယ်လိုအချိန်ဖြုန်းရမလဲမသိဘူးဗျ။
အဲမှာဇာတ်လမ်းစတာပဲဗျ။(အခုမှစတာနော်)


ဆက်ရန်.....
အပိုင်း (၂)

နွေဂိမာန်ဦး



ဆောင်းအကုန် နွေအကူး
လေရူးကတသုန်သုန်
ဥဩငယ် သံချိုတေးနဲ့
ရော်ရွက်ကြွေ မြေမှာကြဲပြန်တော့
ဖော်ကွဲသူ မျက်ရည်ဝဲတယ်
လွမ်းဖွယ့် နွေဦး။

March 23, 2009

ဖိုးရွှေလမင်း

ပြုံးလိုက်တိုင်းမှာ သူ့မျက်နှာ
ပါးချိုင့်လေးနဲ့ပါ။

ချိုချို ရွှင်ရွှင် ပြည့်ပြည့်ဝိုင်း
ဖိုးလမင်းကြီးအတိုင်း။

မျက်စိမှိတ်ကာ စဉ်းစားရင်
ဖိုးဝရုပ်ဘဲမြင်။

မျက်လုံးဖွင့်လို့ ကြည့်လိုက်တော့
ဖိုးဝရုပ်လေးပေါ့။

ဒါပေမယ့်လည်း သူရှေ့မှာ
ဒါတွေမပြောပါ။

ပြောပြန်ရင်လည်း သူစိတ်ဆိုး
မျက်နှာကြီးကညှိုး။

ပုပ်သိုးသိုးကြီး မလှပါ
အမြဲပြုံးနေကွာ။

ဒီလိုပြောမှ သူပြုံးပြ
ကြည့်လို့ သိပ်သိပ်လှ။

March 22, 2009

ရှမ်းထမင်းချဉ် နှင့် ရှမ်းခေါက်ဆွဲ

ဒီနေ့တော့ စာဖတ်ပရိသတ်တွေကိုဧည့်ခံဖို့အတွက် စားစရာကောင်းလေးများကို ပင်ပင်ပန်းပန်း စီစဉ်ထားပါတယ်။ အားပေးသွားကြပါဦး.....


ဒါကတော့ ရှမ်းထမင်းချဉ် နဲ့ ငရုပ်သီးကြော်လေးပါ။




နောက်တမျိုးကတော့..... ရှမ်းခေါက်ဆွဲ နဲ့ရှမ်းချဉ်ပါ။








ဘယ်လိုလဲ စားလို့ကောင်းကြရဲ့လား။ အားလုံးကြိုက်မယ်လို့မျှော်လင့်ပါတယ်။
နောက်ထပ်လည်း လာအားပေးကြပါလို့......

March 21, 2009

နောက်ကျ

အိပ်မက်ဆိုများနဲ့ နိုးထလာတဲ့တခဏ….
ခေါင်းထဲမှာဝင်လာတဲ့ အသိစိတ်တချက်ကြောင့် နာရီကိုကြည့်လိုက်တော့..
နှိုးစက်ကဘဲအသံမမြည်တာလား ပြန်ပိတ်ပြီး အိပ်နေမိတာဘဲလားမသိ
နာရီလက်တံတွေကတော့ ရှိသင့်တာထက် ကျော်လွန်နေခဲ့ပြီ။
ချက်ချင်းဆိုသလို မျက်နှာသစ်၊ အဝတ်အစားလဲပြီး သူရှိမယ့်နေရာဆီ ကျွန်တော် အမြန်ဆုံးနည်းနဲ့ ထွက်လာခဲ့တယ်။

သူနဲ့ကျွန်တော် စသိခဲ့တာ တက္ကသိုလ် စတက်တဲ့ ပထမဆုံးရက်ပါ။
နောက်တော့…. ကျောင်းသွားလည်းအတူတူ ကျောင်းပြန်လည်းအတူတူနဲ့
တဖြေးဖြေး ပိုပြီးရင်းနှီးလာကြပါတယ်။
မနက်ဆိုရင် ကျောင်းသွားဖို့ သူက ကျွန်တော့်ကို ဈေးအရှေ့နား ကနေစောင့်နေတတ်ပါတယ်။
ကျွန်တော်ကလည်း ဖျောက်လို့မရတဲ့အကျင့်ဆိုးအတိုင်း အမြဲကို နောက်ကျပြီးမှ ရောက်သွားတတ်ပါတယ်။
အချိန်အတိုင်းအတာတခုအထိတော့ ကျွန်တော့ကိုအမြဲစောင့်နေတတ်ပါတယ်။
အရမ်းနောက်ကျမှသာ ကျွန်တော်ကိုထားခဲ့ပြီး တခြားကျောင်းသူ ကျောင်းသားတွေနဲ့ သူ ကျောင်းကို ထွက်သွားတာပါ။
နွေရာသီ ကျောင်းပိတ်ရက်တွေမှာဆိုရင်တော့ သူနဲ့မဆုံဖြစ်ပါဘူး။

ဪ…. အခုဆိုရင် သုံးနှစ်တောင်ပြည့်တော့မယ်။
ကျွန်တော့်ရဲ့ နောက်ကျတတ် တဲ့အကျင့်ကလည်း မပြောင်းလဲနိုင်သေးပါလားနော်။
အခုလည်း ကျွန်တော် ထပ်ပြီး နောက်ကျနေပြန်ပါပြီ်။
ဒီနေ့က ကျွန်တော့ ဘဝအတွက် အရေးကြီးတဲ့နေ့တနေ့။
ဟုတ်တယ်…. တကယ့်ကိုအရေးကြီးတဲ့နေ့။
ကျောင်းကြီးလည်းပိတ်တော့မယ်။
နောက်နေ့ ဆိုရင် သူ့ကိုတွေ့ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။
ဒီနေ့မှ သူ့ကိုမမှီလိုက်ဘူးဆိုရင်…..…..
ကြိုးစားထားသမျှ အရာရာကျရှုံးရတော့မယ်။
သူထားခဲ့မှာကိုလည်း ကျွန်တော်မလိုလားဘူး။
ကျွန်တော် ဘယ်နည်းနဲ့မှ နောက်ကျလို့မဖြစ်တော့ဘူး။
သူ ကျွန်တော့ကို စောင့်နေပါစေ…..

သူရှိမယ့်နေရာဆီ အချိန်မှီရောက်နိုင်ဖို့အတွက် ကျွန်တော့်စိတ်တွေလောနေခဲ့တယ်။
မှီမှ မှီပါတော့မလား???
အဲဒီ့ အတွေးတွေကြောင့် အာခေါင်တွေချောက်ပြီး ဇောချွေးတွေလည်းပျံလာတယ်။
နာရီရဲ့လက်တံတွေကလည်း သူထွက်ခွါသွားဖို့အချိန် တဖြေးဖြေး နီးလာပြီဆိုတဲ့အကြောင်း
ကျွန်တော့်ကို အသိပေးနေတယ်။
ဖြစ်နိုင်မယ်ဆိုရင် နာရီ ..မိနစ်… စက္ကန့် အားလုံးကို ခဏလောက် ရပ်ထားပစ်ချင်တယ်။
တကယ်ပါ…
ခဏလေးပါ… ကျွန်တော်မရောက်ရောက်အောင် လာနေပါတယ်။

တဖြေးဖြေး နဲ့သူ့ရဲ့ပုံရိပ်ကို အဝေးကနေလှမ်းမြင်နေရပါပြီ။
သူကကျွန်တော့်ကို ကျောပေးရပ်နေပြီး အဝေးကိုငေးနေတယ်။
ကျွန်တော့်ကိုတော့သူ မြင်မယ်မထင်ပါဘူး။
သူ့ဆီကို အချိန်မှီရောက်ဖို့ ကျွန်တော်ဘယ်လောက်ထိ ပြေးလာခဲ့ရတယ်ဆိုတာ လည်း သူသိမှာမဟုတ်ပါဘူး။
ဒါတွေကလည်း အခုအချိန်မှာအရေးမကြီးတော့ပါဘူးလေ။
အရေးကြီးတာက.... သူ ရှိနေသေးလို့။ ဟူး…….တော်ပါသေးရဲ့။

သက်ပြင်းခပ်မျှင်းမျှင်းချပြီး တက်ကြွခြေလှမ်းများနဲ့ သူ့ဆီကိုအလှမ်း မြင်လိုက်ရတဲ့မြင်ကွင်းက အသက်ရှုသံတွေကိုတောင်ရပ်တန့်သွားစေပါတယ်။
ဟို လူကြီး ....ဟုတ်ပါတယ် ။
ကျွန်တော်နဲ့ သူနဲ့ မဆုံအောင် အမြဲ လုပ် နေတဲ့လူကြီး ။
အခုလည်း သူ့ကို ခေါ်ဆောင်သွားဖို့ လာနေပြီ။
ကျွန်တော်ဘယ်လိုလုပ်ရမလဲ????
ကျွန်တော် သူ့ကို လက်လွတ် ဆုံးရှုံး ရတော့မယ်။
ရှိသမျှ အင်အားအကုန် သုံးပြီးသူ့ ဆီကို ကျွန်တော်ပြေးသွား ခဲ့တယ်။
ဒါပေမယ့် အရမ်းကိုနောက်ကျသွားခဲ့ပြီ။
သူ ….ကျွန်တော့ကို ထားသွား ခဲ့ လေပြီ။
လမ်းမပေါ်မှာ ကျွန်တော်တရောက်တည်း……
ထွတ်ခွါသွားတဲ့ ကျောင်းကားကြီးကိုမျှော်ကြည့်ရင်း........

အဲဒီ့ လိုနဲ့ဘဲ……
ကျွန်တော့်ရဲ့ Final Year Exam နောက်ဆုံးရက် …..
စာမေးပွဲ ခန်း ထဲကို တော်တော် နောက်ကျ ပြီး မှ ရောက်သွားခဲ့ပါတယ်။ (ကျောင်းကား လွတ်သွားတာကိုး ။)



နောက်ကျတတ်သူအားလုံးအတွက်………


March 20, 2009

ရိုင်းစိုင်းတဲ့ အတိတ်

မင်းရဲ့ခက်ထန်တဲ့ စာထဲကစကားလုံးတွေက
တစ်ချိန်က ရက်စက်မှုကင်းတဲ့အကြည့်လေးတွေကို မကျော်လွှားနိုင်ခဲ့ပါလား . . .
ပျားရည်လိုချိုမြိန်လွန်းတဲ့ မင်းရဲ့ကတိစကားတွေ
ပိုးသားလေးတွေထက် နူးညံ့လှတဲ့ မင်းရဲ့အထိအတွေ့တွေ
ငါဘယ်လို ရက်စက်စွာ မေ့ပစ်လိုက်ရပါ့မလဲ ? ? ?

ငါ့ကိုဒီမေးခွန်းတွေဖြေပေးခဲ့ပြီးမှ ထားခဲ့ရင် ငါဝမ်းနည်းပြီးမကျန်ရစ်ခဲ့ပါဘူး . . .

မင်းက ငါနဲ့မင်း တစ်ချိန်တစ်ခါမှ မပက်သက်ခဲ့ဖူးသလို ပစ်ထားနိုင်ခဲ့တော့
ငါဆိုတဲ့ငပိန်းကြီးအတွက် တစ်ဘ၀စာ နာကြည်းမှုတွေ . . .

မင်းအတွက်တော့ တစ်ခြားရင်ခွင်တစ်ခုမှာ ငါဆိုတဲ့ ငပိန်းအတွက် . . .
တစ်စက္ကန့်လေးကိုတောင် သတိရ ကြည့်ပေးဖို့ ၀န်လေးနေမယ့် ..
မင်းဘ၀နောင်ရေးမှာ …
ငါဟာအသုံးမကျတဲ့သူ ၊ ငါဟာမင်းအတွက်တန်ဖိုးမရှိတဲ့သူ. . .
ငါဟာသရဲဘောကြောင်သူ ၊ ငါဟာကျေးဇူးကန်းသူ . . . . . . . ဆိုတဲ့
စွပ်စွဲချက်တွေနဲ့ မင်းဘ၀ ကိုတာဝန်မယူချင်သူအဖြစ် . . .
မင်းရဲ့နေ့စဉ်မှတ်တမ်းမှာ ငါ့ကိုမှတ်တမ်းမတင်လိုက်ပါနဲ့

မင်းသာ ငါ့ဆီက… ထွက်ပြေးသွားခဲ့တဲ့ တရားခံပါ . . . . .

အဲဒီအတွက်ငါမမှားဘူး ၊ ဘယ်တော့မှလည်းမတောင်းပန်ပါရစေနဲ့တော့ . . .

March 17, 2009

ရောက်လာခဲ့သော.....'နွေ'


ဖြစ်နိုင်မယ်ဆိုရင်.....
ရော်ရွက်ဝါ တွေလိုဘဲ
ပေါ့ပေါ့ ပါးပါးလေးနဲ့
လွင့်မျော စွန့်ခွာ သွားချင်ခဲ့တာပါ။

အခုတော့....
ပက်ကြားအက်နေတဲ့ နှလုံး.....
ခြောက်သွေ့ပူပြင်းတဲ့ သက်ပြင်းများကြား...
'သ'ူပြန်လာမယ် ဆိုတဲ့မျှော်လင့်ချက် ခပ်ရေးရေးကိုဘဲ
အကြိမ်ကြိမ် တမ်းတဖက်တွယ်
တခါ တခါ လည်း...
ခေါင်နေခဲ့ တဲ့ အချစ်တွေအတွက်
ဆုတောင်း ကြည့်ခဲ့မိသေးရဲ့။

တကယ်ဆို ......
ငါလည်း....
အရာရာကို ရယ်မော မေ့ပစ်လိုက်ချင်တာပေါ့ကွယ်။

မထင်မှတ်ဘဲ ရောက်လာခဲ့တဲ့.....
ငါ့အတွက် .....
နွေရာသီ ကာလကလည်း.....
ရှည်လျား ပူအိုက်လွန်းလှတယ်။

March 15, 2009

~D_D~ ကိုရီးယားရောက်နေသည်။ ။ ။

အပိုင်း(၂)

ဒီတစ်ခါတော့ ကိုရီးယားတွေရဲ့ လမ်းပေါ်မှ အစားအသောက်တွေရယ် … Taxi သမားတွေရဲ့ ယုတ်မာမှုတွေရယ် (အဲ..ယောင်လို့) နွေးထွေးမှုတွေရယ်ကို ဆက်လက်ပြီးတင်ပြသွားပါ့မယ်။ ဟုတ်ကဲ့ .. ဖြစ်ရပ်မှန်တွေကို တင်ပြသွားမှာပါ (တင်ပါးကို တင်ပြချင်း မဟုတ်ရပါဘူး။)

ဒီလိုရယ်ပါ … အလုပ်ကို နောက်ကျရင်၊ ချိန်းထားတာ နောက်ကျရင်၊ ခိုင်းတာလုပ်ဖို့ နောက်ကျရင် (တစ်ရက်လုံးရဲ့ ၉၉ ရာခိုင်နှုန်းလို့ ပြောမလားနော့) သူတို့ကို ဖုန်းဆက်ပြီး လှမ်းခေါ်ပါတယ်။ ရုံးတက်ချိန်တို့၊ ရုံးဆင်းချိန်တို့ ဆိုရင် Taxi တွေ တော်တော်နဲ့ ပေါ်မလာတတ်ပါဘူး။ အဲ.. ဘာလို့လဲဆိုတော့ ကိုယ်သွားမဲ့ခရီးစဉ်ကနီးနေရင် သူတို့က မလာချင်တာရယ်၊ ကြားကနေ တားပြီးဖြတ်ယူသွားတတ်တဲ့ လူကြီးလူကောင်းတွေရှိတတ်တာရယ်ကြောင့် သူတို့ကိုစောင့်ရင်းနဲ့ အမြဲမေတ္တာပွားပေးရပါတယ်။
အဲလိုတွေ အဲလိုတွေ ခံရပေါင်းများတော့ ဒီကလည်း တင်ပေးစရာမလိုပဲ ညစ်နည်းပေါင်းစုံကို စနစ်ကျကျ နည်းကျကျနဲ့ သုံးတတ်လာပါတယ်။ နောက် ဖုံးခေါ်ရင် ဘယ်သွားမလဲလို့မေးရင် ဆိုး(လ်) or အိုဆန်ကို လို့ပြောပါတယ်။ Taxi ဖိုးက ဒေါ်လာ ၈၀လောက်ရှိတာကိုဗျ ၊ နှစ်မိနစ်အတွင်း Taxi ကိုယ့်ရှေ့ကိုရောက်လာရော ၊ ပြီးရင် ဒီကလည်း မျက်နှာပြောင်တိုက်ပြီး သွားမဲ့ဆီကို ပြောတာပေါ့ ။ နောက်ပိုင်းဘာဆက်ဖြစ်လဲတော့ ဒီကလည်း မခန့်မှန်းတတ်ပါဘူး ၊ ကိုယ်က အသားလွတ် အနေသာကြီးပါ။
တစ်ခါကလည်း Taxi ဦးလေးကြီးက ကျွန်တော်တို့အဖွဲ့ကို ကလိမ်ကျသွားပါသေးတယ်။ ရုပ်ရှင်ကိုနောက်ကျနေပြီဖြစ်တဲ့ ကျွန်တော်တို့က Taxi ပေါ်ကအဆင်းမှာ ၊ မီတာတိုင်က ကိုရီးယား ပိုက်ဆံနဲ့ပြထားပါတယ်။ ပြန်တွက်ကြည့်လိုက်တော့ ၁၃ ဒေါ်လာပေါ့ ၊ နှစ်ဆယ်တန်ထုတ်ပေးလိုက်တော့ ၅ ဒေါ်လာပြန်အမ်းပြီး ကျပ်တန်မရှိဘူးဆိုပြီး ပြောလာပါတယ်၊ တစ်ဖွဲ့လုံးကလည်း လောနေကြပြီ ဆိုတော့ ဒီကလည်း မပြောချင်တာနဲ့ ဒီအတိုင်းကြီး ထွက်လာခဲ့ရပေါ့။
ရင်ထဲမှာ တစ်နေဆဲပါပဲလား Taxi ဦးလေးကြီးရယ် … ။

Photobucket Traditional Kim-Chi

ဒီလိုလဲ သူတို့ရဲ့ ဓလေ့ရိုးရာ အစားအစာလေးတွေကို လမ်းဘေးမှာ အဲလိုကို ကြေညာပြီး ရောင်းလေ့ရှိပါတယ်။ နီနီရဲရဲ နဲ့ အဝေးကကြည့်ရင် ကြောက်စရာတောင်ကောင်းပါတယ်။ စားလို့ကတော့ အရသာရှိမှရှိ ။ အိမ်မှာ ထမင်းစားလေ့မရှိတဲ့ ကျွန်တော်က မ၀ယ်ခဲ့ပါဘူး။

Photobucket

Tornado Potato တဲ့ ... အာလူးကြော်လေးပါပဲ။ ဒီက ဆယ်ကျော်သက်လေးတွေရဲ့ လက်ထဲမှာ ခဏခဏ တွေ့နေရလို့ စားချင်သွားတာရယ်ပါ။ သူတို့အပြစ် သူတို့အပြစ်။

Photobucket


ဒါကလည်း အားလူကြော်နောက်တစ်မျိုးပဲ ... အလယ်မှာ Hot Dog ပါတယ်။ ဒါကတော့ သွားရင်းလာ ဗိုက်ဗိုက် အသံမြည်လာလို့ ... ကြုံသလိုမြန်မြန် ထိမ်းသိန်းလိုက်တဲ့နည်း ...

Photobucket

ငါးပုံစံ Red Beanဝေဖာ


Photobucketမုန့်ဆီကြော် လေးတွေ .. ကောင်းမှကောင်း


Photobucketလမ်းပေါ်မှ စားသောက်ဆိုင်ကလေးများ

နိုက်စီးတီးဖြစ်တဲ့ ကိုရီးယားဟာလည်း .. နိုက်တိုင်းမှ လမ်းပေါ်မှာ စားစရာဆိုင်းလေးတွေ ဟိုဟိုဒီဒီ များပြားလာတတ်တယ်။ တကယ်ပဲ ဇာတ်လမ်းတွဲလေးတွေထဲကအတိုင်းပဲ .. အဲဒီ အိမ်လေးတွေထဲမှာ အသံကျယ်ကျယ်နဲ့ မူးယစ်နေတတ်တဲ့ လူသံတွေလည်း နည်းနည်းပါးပါး ကြားရတတ်ပါတယ်။
အကင်လေးတွေရယ် ဆိုးဂျူ ရယ်က သူတို့ ရဲ့တစ်နေ့တာအပန်းဖြေမှုလေးအလား …

Photobucket
အကင်ပေါင်းစုံ


Photobucket မစားလိုက်ရတော ဆိုင်လေးတစ်ဆိုင်

ဒါကတော့ လမ်းဘေးဆိုင်လေးနောက်တစ်ဆိုင် ဘာတွေမှန်းတော့သိဘူး ။ ဒီအတိုင်း လက်သရမ်းပြီး ဖျက်ခနဲ့ ...
အဲဒီတုန်းက နှစ်ဆိုင်ကျော်လေးမှာတင် စားလာလို့ ၊ နို့မို့ဆိုရင် ... လူကြီးမင်းတို့ ပုံတွေ ပိုပြီးမြင်ရဦးမှာ ...

March 6, 2009

အချစ်တု

ဘယ်သူမွှေးတဲမီးပါလိမ့်
ငါ့မှာ....လောင်ကျွမ်းလိုက်ရတာ
မျှော်လင့်ချက်တွေအကုန် ပြာဖြစ်ခဲ့ရပေါ့။

အချစ်တွေ......
အိမ်မက်တွေ.....
ခံစားချက်တွေကိုမှ.......
လောင်စာအဖြစ် အသုံးပြုခဲ့တဲ့.....
(သွေးအေးအေးနဲ့ ပြုစားတတ်တဲ့ ....)
စုန်းပျိုမရေ......

အသည်းနှလုံးချင်းပွတ်တိုက်လို့ ဖြစ်လာခဲ့တဲ့မီးဆိုတာ
ကမ္ဘာဦးအစက ရှာဖွေတွေ့ရှိခဲ့တဲ့မီးထက်ပိုပြီး
ပူပြင်း တောက်လောင်လိမ့်မယ်ဆိုတာ
ငါ တကယ်ကို မသိခဲ့လို့ပါ။