March 29, 2009

ရှည်လျားသော ညလေးတစ်ည

ဒါကတော့ သက်သက်မဲ့ ဟိုဟာဒီဟာလေးတွေ ယားခဲ့တုန်းကပါ။ ။

နိုင်ငံမပြောင်းခင် ညလေးတစ်ည အလိုလောက်ကပေါ့ …
အာလာဒင်မှာ မာလာဒင်နဲ့ (ယောင်လို့ယောင်လို့ ..) ကစားနေတုန်းကပေါ့ ..
ချစ်သူငယ်ချင်း သွားသွားကြောင်ထားတဲ့ ကောင်မလေးနဲ့ သွားတိုးတာပေါ့ ။
သူကလည်း မြင်သွားတော့ ပြေးမလို့မမှီလိုက်ဖူး ဆိုပါတော့ ။
ဒါနဲ့ မကောင်းတတ်တာနဲ့ စကားလေး ဘာလေးပြောပေါ့ ..
သူက ရေဆာတယ်ဆိုတာနဲ့ Coke တစ်ယောက်တစ်ဗူး သွားဆွဲလိုက်တယ်
ဒါက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကပေါ့ …
အဲဒီတုန်းကတည်းက Coke က တစ်ဗူး ငါးရာလောက်ဗျ ။
သူငယ်ချင်း မျက်နှာ ညှိုးမှာဆိုးလို့ ဒီကအနေသာကြီး ဗိုက်ဆံထုတ်ပေးလိုက်လေရဲ့
အာလာဒင်မှာ နဂိုကတည်းက ဒင်လို့ကောင်းနေတော့ ဘတ်ကျတ်က ပြားနေပြီလေ .. ..
ဒါနဲ့ သူ နည်းနည်းလစ်တာနဲ့ သူငယ်ချင်းဆီကိုဖုန်းလှမ်းဆက်ပြီး အကျိုးရယ် အကြောင်းရယ်ရှင်းပြတာပေါ့ ။
သူက မျှော်စင်ကျွန်းက ပါတီတစ်ခုကိုရောက်နေတယ်တဲ့ ..ဖြစ်နိုင်ရင် သူ့ဆီကိုလာခဲ့လို့ ဆိုပါတယ်။

အဲဒီညလေးကို ဒီလိုအဆုံးသတ်လိုက်ရမှာ နှမျောတာရယ် သူတို့နှစ်ယောက်ကို တွေ့စေချင်တာရယ်ကြောင့် … သွားဖို့ဆုံးဖြတ်လိုက်တယ်။
ဒီလိုနဲ့ ပါလာတဲ့ ညီမတစ်ဝမ်းကွဲဆီက ကျန်တဲ့ဗိုက်ဆံကိုချီးပေးဖို့ ခြေထောက်ဖက်ရမတတ် တောင်းပန်ခဲ့ရတယ်။
ဘာရယ်မဟုတ်ဘူး .. သူကလည်း ဒင်လို့မ၀သေးဘူးဆိုပဲ။ ။ ။

ဒါနဲ့ Taxi ပေါ်ရောက်သွားကြတယ်ပေါ့ နော်
အော် .. ရန်ကုန်ဆိုတာ ကိုယ့်အိမ်ပြန်တဲ့လမ်းလောက်တာမှတ်ထားတဲ့ကျွန်တော်က
Taxi သမားကို မသွားခင်ကတည်းက ဘယ်လောက်လည်းလို့ မမေးမိတာရယ်
မျှော်စင်ကျွန်းဆိုတာ တော်တော်ကြီးဝေးမှန်း …
ကားပေါ်ရောက်မှ တစ်လမ်းလုံး ဖင်တစ်ကြွကြွနဲ့
ဗိုက်ဆံမလောက်ရင် ဘယ်လိုဖြေရှင်းရမယ် ဆိုတာကြီးတွေးရင်း
Taxi ပေါ်ကခုန်ချချင်စိတ်တွေတောင် တစ်ဖွားဖွားနဲ့ ။
ဟိုရောင်ရင်လည်း သူငယ်ချင်းကို ချက်ချင်းတွေ့မှာမဟုတ်ဘူးလေ…

မျက်နှာကြီးကိုတာ ဓါးနဲ့ခြစ်ထားလိုက်ချင်ပါရဲ့ လို့ ညည်းညူရင်း ညည်းညူရင်း ..
ထင်ထားတဲ့ အတိုင်းပဲ ဗိုက်ဆံက နှစ်ရာလောက်လိုနေတယ်။
ဒါနဲ့ Taxi ဦးလေးကြီးကို ခဏစောင့်ပါလို့ပြောတော့လည်း
သူကဆွဲစရာတွေရှိသေးတယ်တဲ့ အချိန်မရှိဘူးဆိုတာနဲ့ …
ရှေ့မျက်နှာကြီးကို နောက်ပစ်ပြီး …
သူငယ်ချင်း ကောင်မလေးဆီက သွားတောင်းပြီး ပေးလိုက်ရတယ်
သူ ကလည်း ပြုံးစိစိလေးနဲ့ ။
ဒါနဲ့ သူငယ်ချင်းကို တွေ့တော့ ပြောရမှာရှက်လွန်းလို့
ယနေ့ထက်ထိတိုင် မပြောပြခဲ့ရသေးပါဘူး ..။
(သူငယ်ချင်းမင်းဖတ်နေရင် ခွင့်လွှတ်ပေးပါလို့ .. ဟီး.. )
အာမခံပြီး အပြီခေါ်လာပေးတာတောင် ဘုရားသခင်က မျက်နှာသာမပေးတဲ့ အဖြစ်။ ။ ။

ဒီလိုနဲ့ အိမ်ပြန်ခါနီးကျ သူငယ်ချင်းဆီက Taxi ဖိုးတောင်းရတာပေါ့ ။
ဒီကောင်ကလည်း မိဘကသာ မမွဲတာ ၊ သူကတော့ 24/7 မွဲနေတဲ့ကောင် ..
အိမ်ကိုလည်း ဖုန်းဆက်မခေါ်ရဲ ၊ ညကြီးမင်းကြီး အဲဒီမှာဘာသွားလုပ်လဲဆိုပြီး အကွိုင်ခံရမှာက ပိုဆိုးတယ်။
ဒါနဲ့ ဘာလုပ်လို့ ဘာကိုင်ရမလဲ ဖြစ်နေတုန်း … … …
သူ့ကောင်မလေးက အိမ်ကလာကြိုနေပြီတဲ့ ကျွန်တော့်ကိုပါ တစ်ခါတည်းလိုက်ပို့မယ်ဆိုပြီး … ပြောလာမှ
ဒီတစ်ခါတော့ ဘုရားမပြီဆိုပြီး အလုံးကြီးကို ကျသွားရော။

လမ်းမှာစောင့်နေရင်း ကျွန်တော်ကလည်း လျှာယားလိုက်သေးတယ်
“တစ်ကူးတစ်ကကြီး လိုက်ပို့တာ အားနာလို့ Taxi နဲ့ပြန်လည်းရပါတယ်” လို့ပြောတော့…
သူက ခပ်နောက်နောက်အသံနဲ့
“ဒါဆိုရင် Taxi ဖိုးချီးပေးလိုက်ရမှာလား” တဲ့ဗျာ .. ကောင်းရော။
ရှိသမျှ သွားတွေကိုဖြဲပြပြီး “မဟုတ်ပါဘူး” လို့ငြင်းယူရတယ်။

နောက်တစ်နေ့ မနက်ခင်းပိုင်းကြတော့လည်း
သူက ဖုန်းလှမ်းဆက်လာတယ်။ နှုတ်ဆက်ချင်လို့တဲ့ …
အဟုတ်မှတ်လို့နားထောင်တာ … သူ က
“လိုက်ပို့ပေးရမှာလား၊ ငွေချေပြီး Taxi ပို့ပေးလိုက်ရမှာလားတဲ့”
ကိုယ့်နှာဖူးကို ရိုက်ပြီး စိတ်ထဲကလည်း မေတ္တာပွားလိုက်သေးရဲ့
ကျွန်တော့်ကို ဖုန်းတစ်ကူးတစ်က ခေါ်ပြီးကို နှိပ်ကွက်တာ ခင်ဗျ ။ ။

နောက်ကိုယ်နဲ့ မဆိုင်ရင် ၀င်မပါနဲ့တဲ့ ၊ ၀င်ပါချင်ရင်လည်း အထုပ်အပြည့်ပါမှဝင်ကြပါလို့ …
ဒီဇာတ်လမ်းလေးကနေ တန်ဖိုးရှိတာလေးတွေ ယူကြပါနော် .. (သင်ခန်းစာ သင်ခန်းစာ)

ဧပရယ်

ဒီနွေဦးကတော့
ငါ့အတွက်ခပ်စွာစွာနဲ့ပဲဖူးပွင့်ခဲ့ပြီ
ကြေမွနေတဲ့ငါ့နှလုံးသားအတွက်
ခမ်းနားစွာနဲ့ပေါ့

ဖြစ်ရပ်ကတော့မနှစ်ကနဲ့မတူဘူးဟ
ငါအတွက်နှိပ်စက်နေတဲ့
မျှော်လင့်ခြင်းအိပ်မက်ဆိုးတွေက
ရုန်းထွက်နိုင်ခဲ့ပြီ

ဒါပေမယ့်....
ငါ့ရင်ဘတ်တခြမ်းတော့
စတေးခဲ့ရတာပေါ့

ဒါပေမယ့်ဆိုတဲ့
စကားလုံးနဲ့ကတော့အခုထိ
မလွတ်နိုင်ခဲ့သေးဘူးဗျာ

ဒီနှစ်တော့မင်းကိုငါလှိုက်လှဲစွာနဲ့
ကမ်းလင့်ပါတယ်
မင်းအခါခါငါ့ဆီလှမ်းလာခဲ့ပေမယ့်
ငါမင်းအတွက်မကြိုဆိုမိခဲ့ပါဘူး။

ဟိုတခါနင်လာတုန်းက
နင့်ရင်ဘတ်မှာပူလောင်မှုတွေ
ခမ်းခြောက်မှုတွေ
အထီးကျန်ဆန်ခြင်းတွေနဲ့ပေါ့

ငါမသိချင်ယောင်ဆောင်ခဲ့တာလား
ဒါမှမဟုတ်မင်းကပဲဟန်ဆောင်ကောင်းတာလား
ငါမသိခဲ့ပါဘူး
မင်းကဇွဲကောင်းကောင်းနဲ့
ငါဆီကိုအမြဲအလည်လာတတ်တယ်နော်

ကဲ...ဒီတစ်ခါတော့
မင်းနဲ့အတူတူ
ငါ့နွေဦးပုံပြင်တစ်ပုဒ်အတွက်
ပူလောင်မှုတွေနဲ့ဖြစ်ဖြစ်
ခမ်းခြောက်မှုတွေနဲ့ဖြစ်ဖြစ်
အထီးကျန်ဆန်ခြင်းတွေနဲ့ပဲဖြစ်ဖြစ်
ဖန်တီးကြည့်ကြတာပေါ့ကွာ

March 26, 2009

ပထမဆုံးသော...အပိုင်း (၃)

ဒါနဲ့ပဲ ၇နာရီ၄၅လောက်မှမိုးကစဲသွားတယ်။
မိုးစဲသွားတာနဲ့ကျွန်တော်လဲကောင်မလေးရှိတဲ့ကျူရှင်တိုက်ကိုအမြန်ပြန်ပြေးတာပေါ့ဗျာ။
မပြေးလို့မရဘူးလေ။သူကျူရှင်ဘယ်အချိန်ဆင်းမလဲ ကျွန်တော်မှမသိတာ။မတော်လို့ စောစောဆင်းသွားရင်
ခက်အုံးမယ်။ကျူရှင်တိုက်ခန်းရှေ့ရောက်တော့ သူတို့ရှိမယ်အထပ်လေးကို(၄ထပ်)မျှော်ကြည့်မိတယ်။
ရှိမှရှိပါအုံးမလားလို့ပေါ့။မိုးကလဲချုပ်နေပြီဆိုတော့ ဘာမှမမြင်ရပါဘူးဗျာ။အဲဒါနဲ့ အောက်မှာရှိတဲ့ လက်ဖက်ရည်
ဆိုင်ထဲဝင်ထိုင်လိုက်တယ်။ကျွန်တော့်ရဲ့ပထမဆုံးသောတစ်ယောက်ထဲလက်ဖက်ရည်ဆိုင်ထိုင်ဖူးခြင်းပါ။
ကျွန်တော်အဲဒါမတိုင်ခင် လက်ဖက်ရည်ဆိုင်၃ခါ၎ခါပဲထိုင်ဖူးပါတယ်။ဒါတောင်သူငယ်ချင်းတွေနဲ့ပါ။
အင်း...ထိုင်လိုက်တော့ စားပွဲထိုးလေးကလာမေးတယ်ဗျ။အကိုဘာသောက်မလဲတဲ့။
အဲဒါနဲ့ကျွန်တော်လဲပါးစပ်ထဲရှိတဲ့ဟာပြောလိုက်တယ်။ချိုဆိမ့်လား ချိုကျလားမသိဘူးဗျ။
မှန်တာပြောရရင် လက်ဖက်ရည်ကို သောက်လဲမသောက်၊ကြိုက်လဲမကြိုက်ဖြစ်၊မှာလဲမမှာတတ်တဲ့ကောင်ပါ။
ဒါပေမယ့်ဟန်ကိုယ်ဖို့ပေါ့ဗျာ။

စားပွဲထိုးလေးကလဲ ကျွန်တော့်ကိုသတိထားမိတယ်ဗျ။ထားမိမှာပေါ့ သူတို့ဆိုင်ရှေ့မှာတ၀ဲလည်လည်
၁နာရီလောက်လုပ်သွားတာကိုး၊ပြီးတော့ ပြန်လာတော့လဲ အမောတကြီးလဲရွဲရွဲစိုလို့လေ။
သူလဲကျွန်တော့်ကိုမှတ်မိ၊ ကျွန်တော်လဲသူ့ကို မှတ်မိတာပေါ့။ဟဲဟဲ...ဒါပေမယ့်ဟန်တော့မပျက်စေနဲ့ပေါ့ဗျာ။
လက်ဖက်ရည်တစ်ခွက်လာချပေးတယ်။ပြီးတော့ ခပ်လှမ်းလှမ်းမှာစားပွဲထိုးလေးကသွားရပ်ပြီး သူရဲ့
လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားဟေးလားဝါးလားလုပ်နေပါတယ်။
အဲဒါကို ကျွန်တော့်စိတ်ထဲမှာ ငါ့အကြောင်းများပြောပြီးရယ်နေတာလားလို့လဲ မဆီမဆိုင်တွေးမိသေးတယ်ခင်ဗျ။
လာချတဲ့လက်ဖက်ရည်ကို ဇွန်းလေးနဲ့မွှေနေရင်စဉ်းစားနေမိတယ်။ကျွန်တော့်ကောင်မလေးကျူရှင်ပြီးများ
ပြီးသွားပြီလားပေါ့။ဒါပေမယ့် ၈နာရီထိုးဖို့က နည်းနည်းလိုသေးတော့မဟုတ်လောက်ပါဘူးလို့ပဲတွေးပြီး
စောင့်နေရတာ ပြီးတော့ ဘေးဘီကိုလဲအကဲလှမ်းခတ်ရသေးတယ်။ဘယ်သူများငါ့ကိုသတိထားပြီး
ကြည့်နေသလဲပေါ့။တကယ်ပါဗျာ နောက်ကျောမလုံတဲ့ဒုက္ခဆိုတာအဲဒိတော့မှနားလည်တယ်။
ဘာမဟုတ်တာကို ဘာမှန်းမသိပဲကြောက်နေတာတော်တော်ဆိုးတယ်ဗျ။
ဒါပေမယ့်သူတို့ဆင်းလာမယ့်တိုက်လှေခါးကကျွန်တော်ထိုင်နေတဲ့ထိုင်ခုံနဲ့သိပ်မဝေးဘူး။
ပြီးတော့ မြင်လဲမြင်နေရတယ်ဆိုတော့အဆင်တော့ပြေတာပေါ့။
အဲဒါနဲ့ပဲလှေခါးကိုပဲအာရုံစိုက်ပြီးလက်ဖက်ရည်ကိုတငုံလှမ်းသောက်လိုက်တယ်။

အင်...တမျိုးပါလား
နောက်တငုံထပ်သောက်ကြည့်...
အီး...ဘယ်လိုကြီးလဲဟ။
ဟုတ်တယ်လက်ဖက်ရည်ကဘယ်လိုကြီးမှန်းကိုမသိဘူး။
ကျွန်တော်သောက်ဖူးတဲ့ လက်ဖက်ရည်တွေနဲ့တော်တော်ကွာတယ်ဗျ။
ကျွန်တော်မှာလိုက်တာလက်ဖက်ရည်မှဟုတ်ရဲ့လား။
အင်း......ဟုတ်တော့ဟုတ်ပါတယ်။
ဘာလို့လဲဆိုတော့အဲဒိတုံးကခေတ်စားနေတဲ့ရှယ်ဆိုတာဇွန်းနဲ့ဗျလို့ဆိုတာလေ။
ကျွန်တော်ခွက်မှာဇွန်းကြီးတန်းလန်းနဲ့....
ဒါပေမယ့် လက်ဖက်ရည်ကတော်တော်ကြီးကိုဖန်နေတာဗျ။ဘယ်လိုကြီးမှန်းကိုမသိဘူး။
ကျွန်တော်အဲဒိလိုဖြစ်နေတော့ ကိုယ့်ကိုယ်ကိုမလုံတာနဲ့ဘေးဘီကိုမသိမသာကြည့်တော့ စားပွဲထိုးလေးက
ကျွန်တော့်ကိုကြည့်နေတယ်ခင်ဗျ။သူကြည့်တာကရိုးရိုးပါ။ကျွန်တော်အဆင်ပြေမပြေဂရုစိုက်တဲ့ပုံမျိုးပေါ့။
ခက်တာကကိုယ်ပဲလေ။ကိုယ့်ဟာနဲ့ကိုယ်မလုံတော့ ဒီကောင်များငါ့ကိုခြောက်ချတာလားပေါ့။
ဒါပေမယ့် ကျွန်တော်က ကြောက်လဲကြောက်တတ်တော့ သူများရပ်ကွက်ထဲသွားပြီးစွာ
လို့ငါ့ကိုဝိုင်းရိုက်လဲ ဒုက္ခဆိုပြီးတွေးမိသေးတယ်။စားပွဲထိုးလေးလဲ ကျွန်တော့်ဆီကိုလာပြီး အကိုဘာလိုလို့လဲ
မေးပါတယ်။ကျွန်တော်လဲယောင်ပြီး ရေနွေးကြမ်းအိုးလို့ပြောတော့သူကအကို့ရှေ့မှာလေတဲ့။
ဟီးဟီး....နည်းနည်းတော့ရှက်သွားတာပေါ့။ကိုယ့်ကိုယ်ကိုယ်လက်ဖက်ရည်သောက်နေကျ
လူလိုပုံဖမ်းပြီး ဆိုဒ်ကြီးဂိုက်ကြီးနဲ့သောက်နေတာကိုး။

ပြီးတော့ပြောရအုံးမယ်။အဲဒိလက်ဖက်ရည်ဆိုင်က ရန်ကုန်မြို့မှာနာမည်ကြီးဆိုင်ဗျ။
ကျွန်တော်လဲသူငယ်ချင်းတွေပြန်ပြောမှသိရတာ။လူဝင်လူထွက်ကလဲများမှများ။
ကိုယ်နေရာရဖို့တောင် တခါတလေခက်တယ်ဗျ။အဲဒိတော့ကျွန်တော်ကလဲအချိန်ထပ်ဖြုန်းရအုံးမယ်ဆိုတော့
အလွန်ဖန်ပြီးလန်ထွက်နေသော လက်ဖက်ရည်လေးကိုအားကိုးပြီး ထိုင်နေရအုံးမှာပဲလေ။
ဒါနဲ့ ရေနွေးသောက်လိုက်၊လက်ဖက်ရည်ဖန်ဖန်သောက်လိုက်နဲ့၁၅မိနစ်လောက် အချိန်ထပ်ယူလိုက်တယ်ပေါ့ဗျာ။(လက်ဖက်ရည်အဖန်သောက်ရင်ကျက်သရေအမှန်ရောက်တယ်ကြံသလောက်ပြီးတဲ့ရေ)ဆိုတာကြားဖူးမှာပေါ့။
ကျွန်တော့်မှာတော့ မိုးမိလို့အေးတာကတစ်မျိုး၊ရည်းစားကျူရှင်ဆင်းသွားမှာကိုစိုးတာကတဖုံ၊လောလောဆယ်
သောက်နေတဲ့ခွက်က(လက်ဖက်ရည်ခွက်ပြောပါတယ်)အသုံးမကျတာက တဖြစ်ဆိုတော့ ကျက်သရေ ရှိလား မရှိလား မိတ်ဆွေပဲတွေးကြည့်ဗျာ။

ခဏနေတော့ကျူရှင်လှေခါးကကောင်လေး၊ကောင်မလေးတွေဆင်းလာတာတွေ့တယ်ဗျ။
ကျွန်တော်လဲ နဲနဲအားတက်သွားပြီး စားပွဲထိုးလေးကိုခေါ်လိုက်တယ်။လက်ဖက်ရည်ဖိုးရှင်းထားတာလေ။
စားပွဲထိုးလေးကကျွန်တော်ခွက်ကိုတစ်ချက်ကြည့်ပြီး မပြီးသေးဘူးဆိုတာသိတော့ မသိမ်းသွားသေးပါဘူး။
ထပ်သောက်ပေါ့။ထားခဲ့တယ်....
ကျွန်တော်လဲ လှေကားကိုမျက်ခြေမပျက်အာရုံစိုက်နေလိုက်တာ မျှော်လင့်နေတဲ့သူလေးကိုတွေ့လိုက်ပါပြီဗျာ။
သူက သူ့သူငယ်ချင်းကောင်မလေးတွေနဲ့စကားတပြောပြောနဲ့ဆင်းလာတာဗျ။
ကျွန်တော့်ကိုလဲတွေ့ရော ပထမအံ့သြသွားတယ်ခင်ဗျ။ဟုတ်တယ်လေ။
သူနဲ့ညနေကလာတုန်းကအကောင်းအခုမှကျိုး...အဲဟုတ်ဘူး။
အခုအားလုံးစိုရွဲနေပြီး ကြွက်စုတ်ဖြစ်နေလို့ပေါ့။ဒါနဲ့ကျွန်တော်လဲမြန်မြန်ထမလို့ လက်ကျန် လက်ဖက်ရည်ခွက် ထဲက အရည်တွေကိုသောက်ချလိုက်ပါတယ်။

အော်....
အဲဒိတော့မှကိုယ့်ကိုယ်ကိုသိတော့တယ်။တောသားမှန်း။ရယ်ချင်တာလဲမပြောပါနဲ့ဗျာ။
ဘာလို့လဲဆိုတော့ ကျွန်တော်သောက်တဲ့လက်ဖက်ရည်ခွက်ရဲ့ခွက်အောက်ခြေမှာ နို့ဆီတွေမှအများကြီးရယ်ဗျ။
ကိုယ့်ဟာနဲ့ကို ရည်းစားအပူမိပြီး လက်ဖက်ရည်ဖျော်တာအပေါ်ယံကပ်ဖျော်မိတာကိုး။
အဲဒါမိုလို့ အရသာမရှိဖြစ်နေတာပေါ့။အဲဒါကို ဘာမဆိုင်ညာမဆိုင်တွေလျှောက်တွေးနေသေးတယ်လေ။
ရည်းစားနဲ့ပြန်သွားရလို့ပေါ့ဗျာ..တလမ်းလုံးပြုံးစိပြုံးစိကိုဖြစ်နေတာ။သူကတော့ထင်မှာပေါ့ဗျာ ရည်းစားကို
လာကြိုရလို့ ပျော်ပြီးပြုံးနေတယ်လို့။ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုသိတာပေါ့။
ပျော်တာလဲပါပါတယ်။စိတ်ညစ်တာတွေလဲပါပါတယ်။ အားလုံးပေါ့။
ဒီလိုနဲ့ပထမဆုံးရည်းစားသွားကြိုတဲ့အတွေ့အကြုံလေးဖြစ်ဖြစ်မြောက်မြောက်ဖြစ်သွားတယ်ဆိုပါတော့ဗျာ....


(ပထမဆုံးသောပိုစ့်လေးကိုစိတ်ရှည်လက်ရှည်အားပေးတဲ့အတွက်ကျေးဇူးပါ။ဒီပုံပြင်ဘလောက်မှာ
လဲဒီပိုစ့်ကကျွန်တော်အတွက်ပထမဆုံးပါပဲ)

ဏီ(န်)ကင်း

March 25, 2009

ပထမဆုံးသော...အပိုင်း(၂)

ပထမပိုင်းမှာပြောခဲ့သလိုပဲ....ကျွန်တော်က တောသားလောက်နီးနီး ရန်ကုန်ရည်လည်တာလေ။

အဲဒိတုန်းက အချိန်ဖြုန်းနည်းတွေကို လုံးဝမသိခဲ့ရိုးအမှန်ပါ။
သူများတွေလိုမျိုးတခြားတစ်နေရာသွားဖို့ကျွန်တော့်မှာမရှိဘူး။
အိမ်ပြန်ဖို့ကလဲပြန်လာရင်အဝေးကြီးဆိုတော့ ပြန်မသွားချင်ဘူး။အဓိကကတော့ပိုက်ဆံပေါ့ဗျာ။
ပိုက်ဆံယူလာတာက အဲဒိတုံးကဆိုရင်၂၅၀လားပဲပါတာ။ ဒါပေမယ့်ဘတ်စ်ကားတခါစီးရင်၂၀နဲ့ဂိတ်စဂိတ်ဆုံး
စီးလို့ရတဲ့အချိန်မှာဗျာ။ဟုတ်တယ်မလား။လက်ဘက်ရည်တစ်ခွက်ကမှ၅၀လောက်ပဲရှိသေးတယ်လေ။
ဒီလိုနဲ့ သူတို့ကျူရှင်ရှေ့က သစ်ပင်ကြီးရဲ့ဘေးမှာယောင်ချာချာဖြစ်နေတာပေါ့ဗျာ။
မှတ်မိသေးတယ်အဲဒိသစ်ပင်ကြီးကဗန်ဒါပင်ကြီးဗျ။

ကောင်မလေးကလဲစိတ်မချလို့ထင်ပါတယ်။ကျူရှင်တိုက်ခန်းဝရန်ဒါကနေပြီး ထွက်ထွက်ကြည့်တတ်တယ်ဗျ။
သူထွက်ကြည့်တာလေးမြင်တော့ ကျွန်တော်လဲအားတက်ပြီးဆက်စောင့်တာပေါ့ဗျာ။
ဒါပေမယ့်လူကမခံနိုင်တော့ဘူး။ခြေထောက်တွေညောင်းနေပြီဗျ။
ထိုင်ဖို့နေရာကြည့်လိုက်တော့ မရှိဘူးဗျ။အဲ..သူတို့ကျူရှင်ဘက်ခြမ်းကကျူရှင်တိုက်
အောက်မှာတော့ လက်ဘက်ရည်ဆိုင် တစ်ဆိုင်ရှိတယ်ဗျ။ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့
ဘယ်လိုတွေးလဲဆိုရင်ဒီလက်ဘက်ရည်ဆိုင်ကိုငါသွားထိုင်လဲအလွန်ဆုံးအချိန်ဖြုန်းနိုင်မှ နာရီဝက်လောက်ပဲကုန်မယ်။ငါကဆေးလိပ်သောက်တတ်ရင်တော့ အချိန်ပိုဖြုန်းနိုင်မယ်။
ဒါပေမယ့်မသောက်တတ်တော့ အဆင်မပြေဘူး။ ရေးနွေးကြမ်းတွေချည်းပဲ ထိုင်သောက်ရအောင်လဲ ဒီကြားထဲအပေါ့အပါးသွားချင်ရင်လဲ ကျွန်တော်နေရာဒေသကိုမကျွမ်းဘူးသေးဘူး။
လက်ဖက်ရည်သောက်မယ့်ကိစ္စကို နောက်ဆုံးအစီအစဉ်အဖြစ် ထားလိုက်တာပေါ့ဗျာ။ကိုယ်ကလဲ အဲဒိနယ်မြေကိုတစ်ခါမှမရောက်ဖူးတာလဲပါမှာပေါ့။ ပထမဆုံးတွေပါဆိုမှ....ဟဟ။

အဲ....နာရီကိုကြည့်တော့ ၆နာရီ၄၅ပဲရှိသေးတယ်။သူ့ကျူရှင်က ၆နာရီကနေ ၈နာရီလောက်အထိမှန်းတာပဲ။
နောက်တော့ ဒီအတိုင်းရပ်နေမယ့်အတူတူ လမ်းလျှောက်မယ်ကွာဆိုပြီး လမ်းတွေပတ်လျှောက်နေလိုက်တယ်။
ကိုယ်မရောက်ဖူးတဲ့ရပ်ကွက်ဆိုတော့ တော်တော်စိမ်းတယ်ဗျ။လူတွေကလဲကြည့်နေတာပေါ့။
သူတို့ကြည့်လေ ကျွန်တော်မနေတတ်လေပဲ။တစ်ခုခုများဖြစ်မလားဆိုတဲ့ စိတ်ကပေါ်ပေါ်လာတယ်။
ပြောရမယ်ဆိုရင်တော့် ကြောက်တာပေါ့ဗျာ။ရည်းစားနဲ့ တခါမှမသွားဖူးဘူးလေ။
အိမ်ကလူတွေများတွေ့မလား၊အိမ်ကမတွေ့ရင်တောင်အဖေ၊အမေတို့ရဲ့မိတ်ဆွေတွေမြင်သွားမလားဆိုပြီး
ကြောက်ရသေးတယ်ဗျာ တကယ်... ။ အဲဒိတုန်းကဘယ်လိုပြန်ရင်ဆိုင်ရမလဲဆိုတာမတွေးတတ်သေးဘူး။
ဒါပေမယ့်တွေ့ချင်တဲ့သူတွေလဲရှိတယ်ဗျ။အဲဒါကတော့တစ်တန်းထဲနေတဲ့သူငယ်ချင်းတွေပဲ ။
ဟဲဟဲ ကြွားချင်လို့ပါ မင်းဘာလာလုပ်တာလဲမေးရင်ငါ့ရည်းစားကိုကျူရှင်လာပို့တာလို့ပြောချင်နေတာ
ယားနေတာပဲ...ပါးစပ်။ အနည်းဆုံးတော့နှစ်ယောက်ဖြစ်တော့စကားပြောဖော်ရတာပေါ့။
လူတွေလဲဒီကောင်လေးကသူငယ်ချင်းလာစောင့်တာပဲလေဆိုပြီးထင်ပါစေပေါ့ဗျာ။

ကံဆိုးချင်တော့ ဘယ်သူ့နဲ့မှမတွေ့ဘူး။ကျွန်တော်လဲ နောက်တခါဆိုရင်တော့ ဒီအနားမှာနေတဲ့သူငယ်ချင်းတွေကို မေးထားရအုံးမယ်ဆိုပြီး တေးထားတုန်း ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာသူကတော့ မိုးပဲဗျ။
ကျွန်တော့်ကောင်မလေးကိုစောင့်နေတဲ့အချိန်ကတည်းက ညို့နေတဲ့မိုးက ၀ုန်းဒိုင်းကြဲပြီးတော့ကို ရွာချလိုက်ပါရောဗျာ။ နဂိုကမှသွားစရာမရှိလို့ မျက်နှာငယ်နေတဲ့မောင်ဏီ(န်)ကင်းတစ်ယောက် ဟိုပြေးရမလို၊ဒီပြေးရလိုဖြစ်ရောဗျို့။ မိုးကဘယ်လောက်ရေပါလဲဆိုတော့ ကျွန်တော်အမိုးတစ်ခုအောက်ကိုခိုမိလိုက်ချိန်မှာ ကျွန်တော့် အ၀တ်အစားတွေရေညစ်ချလို့ရနေပြီလေ။
ဘယ်လိုမှ ကိုယ်ငွေ့နဲ့ပြန်မခြောက်နိုင်လောက်တဲ့ ရွဲရွဲစိုမှုပေါ့ဗျာ။
လူလဲနည်းနည်းတော့သေချင်စော်နံနေပြီ။ရန်ကုန်မိုးကသိတဲ့အတိုင်း အရမ်းရွာရင်အောက်ကမြောင်း
ရေပါလိုက်တက်တာကိုး။ကျွန်တော်ခိုနေတာကလဲ အကြော်တဲသာသာလောက်ရှိတဲ့အမိုးလေး။
အမိုးအောက်မှာလောလောဆယ်မိုးခိုနေတာလဲ ကျွန်တော်အပါအ၀င်လူငါးယောက်လဲရှိသေးတယ်။
အပေါ်ပိုင်းကိုမိုးမစိုတော့ပေမယ့် ခြေထောက်တွေကရေနစ်နေပြီလေ။
ကျွန်တော်ကလဲ တော်ရုံတန်ရုံဆိုအတော်ပေတဲ့ကောင်ပါပဲ။အဲဒီအချိန်တုံးကတော့သေချင်စော်
တကယ်နံမိတယ်ဗျာ။ထီးဘယ်တော့မှမဆာင်တဲ့ကိုယ့်ကိုယ်ကို ပထမဆုံးအပြစ်တင်မိတယ်ဗျို့။



ဆက်ရန်.....
အပိုင်း (၃)

ပါတနာကြီး

မပြီကလာ ပြီကလာ စကားတွေ သူယောင်ချ …
အိပ်ချင်သံလား မပီသံလား နည်းနည်းမှမကွဲဘူးဗျ..
“အင်း” ပြီးမှ နားလည်သလိုလို အယောင်ဆောင်ပေါင်းများပြီကို..
စကားဝဲသလား မေးမိတော့ ၀ူးဝူး ၀ါးဝါးနဲ့အော်တယ်ဗျို့ …

ကြိုက်တတ်လိုက်တဲ့ အရုပ်က သူ့ထက်နှစ်ဆကြီးတယ် ခင်ဗျ …
တူချင်လွန်းလို့ သူကျင့်ကြံ သန်းခေါင်ယံကျော်သွားပြန် …
အိပ်ပါဆိုလည်း သူမအိပ်တော့ ဘလော့တွေလျှောက်ဖတ်တတ်တယ်ဗျို့ ..
စားရှာသော်လည်း မ၀ပြန် ဘ၀ပေး ကုသိုလ်ကံ …
ဒါပေမယ့်လည်း သူလက်မလျှော့ ဖရဲသီးတစ်ခြမ်းကုန်တယ်ဗျို့ ..

တစ်ခါတစ်ခါ သူ အားနာလွန် အံသြလောက်အောင် အဖြစ်တွေမွန် …
မမေးပါနှင့် ယောင်လို့မှ သူအလွန် စိတ်နာသွားတတ်ပါ့ …
အားမနာတတ်ဖို့ သင်ပေးလျှင် သူလက်မခံချင် ..
အမေပေးတဲ့ အူဝဲပီဇ သွေးကြောထဲမှာစီးဝင်တယ်ဗျ ..
စွန့်လွှတ်ဖို့က ခပ်ရေးရေးဆိုတော့ ထပ်ပြီးမပြောချင်တော့ ..

တစ်ခါကလည်း သူအ၀တ်မှား ခြေဖနောင့် အနာဖြစ်သွား ..
ဒါပေမယ့်လည်း သူဇွဲမလျှော့ နောက်နေ့ကျတော့ ခွင့်ယူသဗျို့ ..
တစ်သက်နဲ့တစ်ကိုယ် မကြုံဖူး လေးစားမိတဲ့ သူလိုလူမျိုး …

March 24, 2009

ပထမဆုံးသော...အပိုင်း(၁)

ပြောရမယ်ဆိုရင်တော့....ပထမဆုံးလေးတွေအများကြီးပါတဲ့ပို့စ်တစ်ခုပဲပေါ့ဗျာ။

ဒီလိုဗျ...ကျွန်တော်ကတောသားလောက်နီးနီးခေတ်မှီတယ်ဆိုရမယ်။ရန်ကုန်မြို့ကြီးကို ကြီးကောင်ပေါက်မှပြန်လာနေရတာကိုး။ ငယ်ငယ်တုန်းကတော့အဖေနဲ့တောက်လျှောက်လိုက်ပြီး
နေခဲ့တာလေ။အဖေက၀န်ထမ်းဆိုတော့နယ်တကာလှည့်ပြီးတာဝန်ထမ်းဆောင်ရတာ။
အမေကတော့ရန်ကုန်သူ၊ရန်ကုန်မှာပဲအနေများပါတယ်။ကျွန်တော့်အဖေကလဲခြေထောက်ဗွေပါတဲ့သူဆိုတော့
သွားလိုက်ပြန်ပြီရှမ်းပြည်၊ ရောက်သွားပြန်ပြီအောက်ပိုင်းကမွန်တို့၊ကရင်တို့။
ပြီးတော့ ပြန်စုန်တက်သွားတာရခိုင်နဲ့အထက်အညာသို့။
အဖေ့နောက်ကလိုက်တဲ့ကျွန်တော်ကလဲ နယ်စုံရောက်ဖူးတာပေါ့။
အဲ......ရန်ကုန်မြို့ကြီးကိုတော့ ၉တန်းနှစ်လည်လောက်မှ ပြန်ရောက်တာ၊ ပြန်နေဖူးတာခင်ဗျ။
အဲဒိတော့ကျွန်တော့်ရဲ့လူရည်လည်မှုကလဲ တောသားနဲ့သိပ်မကွာဘူးပေါ့ဗျာ။

ရန်ကုန်ကိုရောက်ပြီးကျောင်းတက်တော့လဲဒီအတိုင်းပါပဲ။ နယ်မှာနဲ့ကကွာခြားလွန်းတယ်ဗျ။
ရန်ကုန်မှာက ဆရာ၊ဆရာမတွေကိုရိုသေမှုကနည်းနည်းများ 'ပေါ'့မလားလို့ပါ။ကျွန်တော့်အထင်ပေါ့နော်။
ဒါနဲ့...၁၀တန်းနှစ်လဲရောက်ရော ကျွန်တော်လဲသူငယ်ချင်းတွေမြှောက်ပေးတာနဲ့
ရည်းစားလေးတစ်ယောက်ဖြစ်ဖြစ်မြောက်မြောက်ထားဖြစ်ပါရဲ့။

ကျွန်တော့်ရဲ့ပထမဆုံးရည်းစားကိုသွားကြိုတဲ့နေ့ကပေါ့ဗျာ.....
အဲဒိနေ့ကကောင်းကင်မှာမိုးတွေညိုနေတယ်။ သူ့အိမ်ကနေသူတက်တဲ့ကျူရှင်ကိုသွားတော့
ကျွန်တော်လိုက်ပို့ပေးပြီးတော့ ပြန်ကြိုမယ်ပေါ့ဗျာ။ ဒါနဲ့ကျွန်တော်လဲသူလာမယ့်ကားဂိတ်မှာ
သွားစောင့်နေလိုက်တာပေါ့။ သူလာနေပါပြီ...ဘေးလွယ်အိပ်လေးစလွယ်သိုင်းပြီးတော့ပေါ့ဗျာ။
သူကိုတွေ့လိုက်တော့အရမ်း ရင်တွေခုန်သွားတာပေါ့။ခြေတွေ လက်တွေအေးပြီး ဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့ဘူးလေ။
တခါမှအဲဒိလိုမကြုံဖူးဘူးဗျ...တကယ်။ သူလဲရှက်နေတယ်ဗျ။
ဒါနဲ့ပဲကျွန်တော်ကစပြုံးပြလိုက်ပြီးတော့..သွားမယ်လေဆိုပြီးကားပေါ်တက်ကြတာပေါ့။
နှစ်ယောက်သားရှက်ရှက်နဲ့ကားပေါ်တက်လိုက်တာ ကားနံပါတ်ကိုမကြည့်မိဘူး။ ကံကောင်းလို့ပေါ့ဗျာ။
သူ့အိမ်နဲ့ ကျူရှင်နဲ့က ကားနှစ်မှတ်တိုင်ပဲစီးရတယ်။ပြီးတော့အဲဒိလမ်းပေါ်ဆွဲတဲ့ ကားတော်တော်များများကလဲ ကျူရှင်ရှိတဲ့ကားမှတ်တိုင်ကိုရောက်လို့ပေါ့။ မဟုတ်လို့ကတော့ အဲဒိမှကတည်းကစလွဲပြီလေ။

ကားပေါ်ရောက်တော့လဲ ကျွန်တော်က သူ့ကားခကို ပေးမလို့လုပ်တာသူကရှက်နေပြီးသူလဲပေးနေလို့..
စပယ်ယာခမျာဘယ်သူ့ဆီကယူရမလဲမသိဖြစ်နေသေးတယ်။ပြီးတော့မှကျွန်တော်အတင်းပေးလိုက်ရတာ။
ကားပေါ်ကဆင်းပြီးကျူရှင်ကိုသွားတဲ့လမ်းတလျှောက်မှာလဲလမ်းလျှောက်ရင်နှစ်ယောက်သားခပ်ခွာခွာလျှောက်ဖြစ်တယ်။လျှောက်နေရင်းနဲ့လူတွေဘာတွေလာလို့
ရှောင်လိုက်ရင်တိုက်တိုက်မိတယ်ခင်ဗျ။လူနှစ်ယောက်ကခပ်ခွာခွာနေပြီးတပြိုင်တည်းလမ်းလျှောက်နေတာလေ။
လမ်းလျှောက်ပြိုင်နေသလိုပဲ....ဟီးဟီး။ဒါလည်း... ရည်းစားနဲ့ပထမဆုံးလမ်းလျှောက်ခြင်းပါပဲ။

ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် စကားလဲမပြောကြဘူး။ခေါင်းကြီးတွေငုံပြီး လျှောက်နေတာ
ကျူရှင်ရောက်တဲ့အထိပဲဗျ။ ကျူရှင်လှေကားရောက်တော့မှသူကသွားတော့မယ်ဆိုပြီး
လှေကားပေါ်တက်မလို့လုပ်တယ်။အဲဒိတော့မှ ကျွန်တော်လဲသတိရလာပြီးအပြန်စောင့်နေမယ်နော်
လို့ အလောတကြီးပြောလိုက်မိတယ်။ပြောသာပြောလိုက်တာ ကျွန်တော်လဲသူကျူရှင်ချိန်ကိုမသိဘူးဗျ။
ဘယ်အချိန်ပြန်ဆင်းမလဲဆိုတာလေ။သူတက်သွားတာတော့၆နာရီပဲ။
သူ့ကျူရှင်ချိန်မပြီးမချင်းအတွင်း ဘယ်လိုအချိန်ဖြုန်းရမလဲမသိဘူးဗျ။
အဲမှာဇာတ်လမ်းစတာပဲဗျ။(အခုမှစတာနော်)


ဆက်ရန်.....
အပိုင်း (၂)

နွေဂိမာန်ဦး



ဆောင်းအကုန် နွေအကူး
လေရူးကတသုန်သုန်
ဥဩငယ် သံချိုတေးနဲ့
ရော်ရွက်ကြွေ မြေမှာကြဲပြန်တော့
ဖော်ကွဲသူ မျက်ရည်ဝဲတယ်
လွမ်းဖွယ့် နွေဦး။

March 23, 2009

ဖိုးရွှေလမင်း

ပြုံးလိုက်တိုင်းမှာ သူ့မျက်နှာ
ပါးချိုင့်လေးနဲ့ပါ။

ချိုချို ရွှင်ရွှင် ပြည့်ပြည့်ဝိုင်း
ဖိုးလမင်းကြီးအတိုင်း။

မျက်စိမှိတ်ကာ စဉ်းစားရင်
ဖိုးဝရုပ်ဘဲမြင်။

မျက်လုံးဖွင့်လို့ ကြည့်လိုက်တော့
ဖိုးဝရုပ်လေးပေါ့။

ဒါပေမယ့်လည်း သူရှေ့မှာ
ဒါတွေမပြောပါ။

ပြောပြန်ရင်လည်း သူစိတ်ဆိုး
မျက်နှာကြီးကညှိုး။

ပုပ်သိုးသိုးကြီး မလှပါ
အမြဲပြုံးနေကွာ။

ဒီလိုပြောမှ သူပြုံးပြ
ကြည့်လို့ သိပ်သိပ်လှ။

March 22, 2009

ရှမ်းထမင်းချဉ် နှင့် ရှမ်းခေါက်ဆွဲ

ဒီနေ့တော့ စာဖတ်ပရိသတ်တွေကိုဧည့်ခံဖို့အတွက် စားစရာကောင်းလေးများကို ပင်ပင်ပန်းပန်း စီစဉ်ထားပါတယ်။ အားပေးသွားကြပါဦး.....


ဒါကတော့ ရှမ်းထမင်းချဉ် နဲ့ ငရုပ်သီးကြော်လေးပါ။




နောက်တမျိုးကတော့..... ရှမ်းခေါက်ဆွဲ နဲ့ရှမ်းချဉ်ပါ။








ဘယ်လိုလဲ စားလို့ကောင်းကြရဲ့လား။ အားလုံးကြိုက်မယ်လို့မျှော်လင့်ပါတယ်။
နောက်ထပ်လည်း လာအားပေးကြပါလို့......

March 21, 2009

နောက်ကျ

အိပ်မက်ဆိုများနဲ့ နိုးထလာတဲ့တခဏ….
ခေါင်းထဲမှာဝင်လာတဲ့ အသိစိတ်တချက်ကြောင့် နာရီကိုကြည့်လိုက်တော့..
နှိုးစက်ကဘဲအသံမမြည်တာလား ပြန်ပိတ်ပြီး အိပ်နေမိတာဘဲလားမသိ
နာရီလက်တံတွေကတော့ ရှိသင့်တာထက် ကျော်လွန်နေခဲ့ပြီ။
ချက်ချင်းဆိုသလို မျက်နှာသစ်၊ အဝတ်အစားလဲပြီး သူရှိမယ့်နေရာဆီ ကျွန်တော် အမြန်ဆုံးနည်းနဲ့ ထွက်လာခဲ့တယ်။

သူနဲ့ကျွန်တော် စသိခဲ့တာ တက္ကသိုလ် စတက်တဲ့ ပထမဆုံးရက်ပါ။
နောက်တော့…. ကျောင်းသွားလည်းအတူတူ ကျောင်းပြန်လည်းအတူတူနဲ့
တဖြေးဖြေး ပိုပြီးရင်းနှီးလာကြပါတယ်။
မနက်ဆိုရင် ကျောင်းသွားဖို့ သူက ကျွန်တော့်ကို ဈေးအရှေ့နား ကနေစောင့်နေတတ်ပါတယ်။
ကျွန်တော်ကလည်း ဖျောက်လို့မရတဲ့အကျင့်ဆိုးအတိုင်း အမြဲကို နောက်ကျပြီးမှ ရောက်သွားတတ်ပါတယ်။
အချိန်အတိုင်းအတာတခုအထိတော့ ကျွန်တော့ကိုအမြဲစောင့်နေတတ်ပါတယ်။
အရမ်းနောက်ကျမှသာ ကျွန်တော်ကိုထားခဲ့ပြီး တခြားကျောင်းသူ ကျောင်းသားတွေနဲ့ သူ ကျောင်းကို ထွက်သွားတာပါ။
နွေရာသီ ကျောင်းပိတ်ရက်တွေမှာဆိုရင်တော့ သူနဲ့မဆုံဖြစ်ပါဘူး။

ဪ…. အခုဆိုရင် သုံးနှစ်တောင်ပြည့်တော့မယ်။
ကျွန်တော့်ရဲ့ နောက်ကျတတ် တဲ့အကျင့်ကလည်း မပြောင်းလဲနိုင်သေးပါလားနော်။
အခုလည်း ကျွန်တော် ထပ်ပြီး နောက်ကျနေပြန်ပါပြီ်။
ဒီနေ့က ကျွန်တော့ ဘဝအတွက် အရေးကြီးတဲ့နေ့တနေ့။
ဟုတ်တယ်…. တကယ့်ကိုအရေးကြီးတဲ့နေ့။
ကျောင်းကြီးလည်းပိတ်တော့မယ်။
နောက်နေ့ ဆိုရင် သူ့ကိုတွေ့ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။
ဒီနေ့မှ သူ့ကိုမမှီလိုက်ဘူးဆိုရင်…..…..
ကြိုးစားထားသမျှ အရာရာကျရှုံးရတော့မယ်။
သူထားခဲ့မှာကိုလည်း ကျွန်တော်မလိုလားဘူး။
ကျွန်တော် ဘယ်နည်းနဲ့မှ နောက်ကျလို့မဖြစ်တော့ဘူး။
သူ ကျွန်တော့ကို စောင့်နေပါစေ…..

သူရှိမယ့်နေရာဆီ အချိန်မှီရောက်နိုင်ဖို့အတွက် ကျွန်တော့်စိတ်တွေလောနေခဲ့တယ်။
မှီမှ မှီပါတော့မလား???
အဲဒီ့ အတွေးတွေကြောင့် အာခေါင်တွေချောက်ပြီး ဇောချွေးတွေလည်းပျံလာတယ်။
နာရီရဲ့လက်တံတွေကလည်း သူထွက်ခွါသွားဖို့အချိန် တဖြေးဖြေး နီးလာပြီဆိုတဲ့အကြောင်း
ကျွန်တော့်ကို အသိပေးနေတယ်။
ဖြစ်နိုင်မယ်ဆိုရင် နာရီ ..မိနစ်… စက္ကန့် အားလုံးကို ခဏလောက် ရပ်ထားပစ်ချင်တယ်။
တကယ်ပါ…
ခဏလေးပါ… ကျွန်တော်မရောက်ရောက်အောင် လာနေပါတယ်။

တဖြေးဖြေး နဲ့သူ့ရဲ့ပုံရိပ်ကို အဝေးကနေလှမ်းမြင်နေရပါပြီ။
သူကကျွန်တော့်ကို ကျောပေးရပ်နေပြီး အဝေးကိုငေးနေတယ်။
ကျွန်တော့်ကိုတော့သူ မြင်မယ်မထင်ပါဘူး။
သူ့ဆီကို အချိန်မှီရောက်ဖို့ ကျွန်တော်ဘယ်လောက်ထိ ပြေးလာခဲ့ရတယ်ဆိုတာ လည်း သူသိမှာမဟုတ်ပါဘူး။
ဒါတွေကလည်း အခုအချိန်မှာအရေးမကြီးတော့ပါဘူးလေ။
အရေးကြီးတာက.... သူ ရှိနေသေးလို့။ ဟူး…….တော်ပါသေးရဲ့။

သက်ပြင်းခပ်မျှင်းမျှင်းချပြီး တက်ကြွခြေလှမ်းများနဲ့ သူ့ဆီကိုအလှမ်း မြင်လိုက်ရတဲ့မြင်ကွင်းက အသက်ရှုသံတွေကိုတောင်ရပ်တန့်သွားစေပါတယ်။
ဟို လူကြီး ....ဟုတ်ပါတယ် ။
ကျွန်တော်နဲ့ သူနဲ့ မဆုံအောင် အမြဲ လုပ် နေတဲ့လူကြီး ။
အခုလည်း သူ့ကို ခေါ်ဆောင်သွားဖို့ လာနေပြီ။
ကျွန်တော်ဘယ်လိုလုပ်ရမလဲ????
ကျွန်တော် သူ့ကို လက်လွတ် ဆုံးရှုံး ရတော့မယ်။
ရှိသမျှ အင်အားအကုန် သုံးပြီးသူ့ ဆီကို ကျွန်တော်ပြေးသွား ခဲ့တယ်။
ဒါပေမယ့် အရမ်းကိုနောက်ကျသွားခဲ့ပြီ။
သူ ….ကျွန်တော့ကို ထားသွား ခဲ့ လေပြီ။
လမ်းမပေါ်မှာ ကျွန်တော်တရောက်တည်း……
ထွတ်ခွါသွားတဲ့ ကျောင်းကားကြီးကိုမျှော်ကြည့်ရင်း........

အဲဒီ့ လိုနဲ့ဘဲ……
ကျွန်တော့်ရဲ့ Final Year Exam နောက်ဆုံးရက် …..
စာမေးပွဲ ခန်း ထဲကို တော်တော် နောက်ကျ ပြီး မှ ရောက်သွားခဲ့ပါတယ်။ (ကျောင်းကား လွတ်သွားတာကိုး ။)



နောက်ကျတတ်သူအားလုံးအတွက်………


March 20, 2009

ရိုင်းစိုင်းတဲ့ အတိတ်

မင်းရဲ့ခက်ထန်တဲ့ စာထဲကစကားလုံးတွေက
တစ်ချိန်က ရက်စက်မှုကင်းတဲ့အကြည့်လေးတွေကို မကျော်လွှားနိုင်ခဲ့ပါလား . . .
ပျားရည်လိုချိုမြိန်လွန်းတဲ့ မင်းရဲ့ကတိစကားတွေ
ပိုးသားလေးတွေထက် နူးညံ့လှတဲ့ မင်းရဲ့အထိအတွေ့တွေ
ငါဘယ်လို ရက်စက်စွာ မေ့ပစ်လိုက်ရပါ့မလဲ ? ? ?

ငါ့ကိုဒီမေးခွန်းတွေဖြေပေးခဲ့ပြီးမှ ထားခဲ့ရင် ငါဝမ်းနည်းပြီးမကျန်ရစ်ခဲ့ပါဘူး . . .

မင်းက ငါနဲ့မင်း တစ်ချိန်တစ်ခါမှ မပက်သက်ခဲ့ဖူးသလို ပစ်ထားနိုင်ခဲ့တော့
ငါဆိုတဲ့ငပိန်းကြီးအတွက် တစ်ဘ၀စာ နာကြည်းမှုတွေ . . .

မင်းအတွက်တော့ တစ်ခြားရင်ခွင်တစ်ခုမှာ ငါဆိုတဲ့ ငပိန်းအတွက် . . .
တစ်စက္ကန့်လေးကိုတောင် သတိရ ကြည့်ပေးဖို့ ၀န်လေးနေမယ့် ..
မင်းဘ၀နောင်ရေးမှာ …
ငါဟာအသုံးမကျတဲ့သူ ၊ ငါဟာမင်းအတွက်တန်ဖိုးမရှိတဲ့သူ. . .
ငါဟာသရဲဘောကြောင်သူ ၊ ငါဟာကျေးဇူးကန်းသူ . . . . . . . ဆိုတဲ့
စွပ်စွဲချက်တွေနဲ့ မင်းဘ၀ ကိုတာဝန်မယူချင်သူအဖြစ် . . .
မင်းရဲ့နေ့စဉ်မှတ်တမ်းမှာ ငါ့ကိုမှတ်တမ်းမတင်လိုက်ပါနဲ့

မင်းသာ ငါ့ဆီက… ထွက်ပြေးသွားခဲ့တဲ့ တရားခံပါ . . . . .

အဲဒီအတွက်ငါမမှားဘူး ၊ ဘယ်တော့မှလည်းမတောင်းပန်ပါရစေနဲ့တော့ . . .

March 17, 2009

ရောက်လာခဲ့သော.....'နွေ'


ဖြစ်နိုင်မယ်ဆိုရင်.....
ရော်ရွက်ဝါ တွေလိုဘဲ
ပေါ့ပေါ့ ပါးပါးလေးနဲ့
လွင့်မျော စွန့်ခွာ သွားချင်ခဲ့တာပါ။

အခုတော့....
ပက်ကြားအက်နေတဲ့ နှလုံး.....
ခြောက်သွေ့ပူပြင်းတဲ့ သက်ပြင်းများကြား...
'သ'ူပြန်လာမယ် ဆိုတဲ့မျှော်လင့်ချက် ခပ်ရေးရေးကိုဘဲ
အကြိမ်ကြိမ် တမ်းတဖက်တွယ်
တခါ တခါ လည်း...
ခေါင်နေခဲ့ တဲ့ အချစ်တွေအတွက်
ဆုတောင်း ကြည့်ခဲ့မိသေးရဲ့။

တကယ်ဆို ......
ငါလည်း....
အရာရာကို ရယ်မော မေ့ပစ်လိုက်ချင်တာပေါ့ကွယ်။

မထင်မှတ်ဘဲ ရောက်လာခဲ့တဲ့.....
ငါ့အတွက် .....
နွေရာသီ ကာလကလည်း.....
ရှည်လျား ပူအိုက်လွန်းလှတယ်။

March 15, 2009

~D_D~ ကိုရီးယားရောက်နေသည်။ ။ ။

အပိုင်း(၂)

ဒီတစ်ခါတော့ ကိုရီးယားတွေရဲ့ လမ်းပေါ်မှ အစားအသောက်တွေရယ် … Taxi သမားတွေရဲ့ ယုတ်မာမှုတွေရယ် (အဲ..ယောင်လို့) နွေးထွေးမှုတွေရယ်ကို ဆက်လက်ပြီးတင်ပြသွားပါ့မယ်။ ဟုတ်ကဲ့ .. ဖြစ်ရပ်မှန်တွေကို တင်ပြသွားမှာပါ (တင်ပါးကို တင်ပြချင်း မဟုတ်ရပါဘူး။)

ဒီလိုရယ်ပါ … အလုပ်ကို နောက်ကျရင်၊ ချိန်းထားတာ နောက်ကျရင်၊ ခိုင်းတာလုပ်ဖို့ နောက်ကျရင် (တစ်ရက်လုံးရဲ့ ၉၉ ရာခိုင်နှုန်းလို့ ပြောမလားနော့) သူတို့ကို ဖုန်းဆက်ပြီး လှမ်းခေါ်ပါတယ်။ ရုံးတက်ချိန်တို့၊ ရုံးဆင်းချိန်တို့ ဆိုရင် Taxi တွေ တော်တော်နဲ့ ပေါ်မလာတတ်ပါဘူး။ အဲ.. ဘာလို့လဲဆိုတော့ ကိုယ်သွားမဲ့ခရီးစဉ်ကနီးနေရင် သူတို့က မလာချင်တာရယ်၊ ကြားကနေ တားပြီးဖြတ်ယူသွားတတ်တဲ့ လူကြီးလူကောင်းတွေရှိတတ်တာရယ်ကြောင့် သူတို့ကိုစောင့်ရင်းနဲ့ အမြဲမေတ္တာပွားပေးရပါတယ်။
အဲလိုတွေ အဲလိုတွေ ခံရပေါင်းများတော့ ဒီကလည်း တင်ပေးစရာမလိုပဲ ညစ်နည်းပေါင်းစုံကို စနစ်ကျကျ နည်းကျကျနဲ့ သုံးတတ်လာပါတယ်။ နောက် ဖုံးခေါ်ရင် ဘယ်သွားမလဲလို့မေးရင် ဆိုး(လ်) or အိုဆန်ကို လို့ပြောပါတယ်။ Taxi ဖိုးက ဒေါ်လာ ၈၀လောက်ရှိတာကိုဗျ ၊ နှစ်မိနစ်အတွင်း Taxi ကိုယ့်ရှေ့ကိုရောက်လာရော ၊ ပြီးရင် ဒီကလည်း မျက်နှာပြောင်တိုက်ပြီး သွားမဲ့ဆီကို ပြောတာပေါ့ ။ နောက်ပိုင်းဘာဆက်ဖြစ်လဲတော့ ဒီကလည်း မခန့်မှန်းတတ်ပါဘူး ၊ ကိုယ်က အသားလွတ် အနေသာကြီးပါ။
တစ်ခါကလည်း Taxi ဦးလေးကြီးက ကျွန်တော်တို့အဖွဲ့ကို ကလိမ်ကျသွားပါသေးတယ်။ ရုပ်ရှင်ကိုနောက်ကျနေပြီဖြစ်တဲ့ ကျွန်တော်တို့က Taxi ပေါ်ကအဆင်းမှာ ၊ မီတာတိုင်က ကိုရီးယား ပိုက်ဆံနဲ့ပြထားပါတယ်။ ပြန်တွက်ကြည့်လိုက်တော့ ၁၃ ဒေါ်လာပေါ့ ၊ နှစ်ဆယ်တန်ထုတ်ပေးလိုက်တော့ ၅ ဒေါ်လာပြန်အမ်းပြီး ကျပ်တန်မရှိဘူးဆိုပြီး ပြောလာပါတယ်၊ တစ်ဖွဲ့လုံးကလည်း လောနေကြပြီ ဆိုတော့ ဒီကလည်း မပြောချင်တာနဲ့ ဒီအတိုင်းကြီး ထွက်လာခဲ့ရပေါ့။
ရင်ထဲမှာ တစ်နေဆဲပါပဲလား Taxi ဦးလေးကြီးရယ် … ။

Photobucket Traditional Kim-Chi

ဒီလိုလဲ သူတို့ရဲ့ ဓလေ့ရိုးရာ အစားအစာလေးတွေကို လမ်းဘေးမှာ အဲလိုကို ကြေညာပြီး ရောင်းလေ့ရှိပါတယ်။ နီနီရဲရဲ နဲ့ အဝေးကကြည့်ရင် ကြောက်စရာတောင်ကောင်းပါတယ်။ စားလို့ကတော့ အရသာရှိမှရှိ ။ အိမ်မှာ ထမင်းစားလေ့မရှိတဲ့ ကျွန်တော်က မ၀ယ်ခဲ့ပါဘူး။

Photobucket

Tornado Potato တဲ့ ... အာလူးကြော်လေးပါပဲ။ ဒီက ဆယ်ကျော်သက်လေးတွေရဲ့ လက်ထဲမှာ ခဏခဏ တွေ့နေရလို့ စားချင်သွားတာရယ်ပါ။ သူတို့အပြစ် သူတို့အပြစ်။

Photobucket


ဒါကလည်း အားလူကြော်နောက်တစ်မျိုးပဲ ... အလယ်မှာ Hot Dog ပါတယ်။ ဒါကတော့ သွားရင်းလာ ဗိုက်ဗိုက် အသံမြည်လာလို့ ... ကြုံသလိုမြန်မြန် ထိမ်းသိန်းလိုက်တဲ့နည်း ...

Photobucket

ငါးပုံစံ Red Beanဝေဖာ


Photobucketမုန့်ဆီကြော် လေးတွေ .. ကောင်းမှကောင်း


Photobucketလမ်းပေါ်မှ စားသောက်ဆိုင်ကလေးများ

နိုက်စီးတီးဖြစ်တဲ့ ကိုရီးယားဟာလည်း .. နိုက်တိုင်းမှ လမ်းပေါ်မှာ စားစရာဆိုင်းလေးတွေ ဟိုဟိုဒီဒီ များပြားလာတတ်တယ်။ တကယ်ပဲ ဇာတ်လမ်းတွဲလေးတွေထဲကအတိုင်းပဲ .. အဲဒီ အိမ်လေးတွေထဲမှာ အသံကျယ်ကျယ်နဲ့ မူးယစ်နေတတ်တဲ့ လူသံတွေလည်း နည်းနည်းပါးပါး ကြားရတတ်ပါတယ်။
အကင်လေးတွေရယ် ဆိုးဂျူ ရယ်က သူတို့ ရဲ့တစ်နေ့တာအပန်းဖြေမှုလေးအလား …

Photobucket
အကင်ပေါင်းစုံ


Photobucket မစားလိုက်ရတော ဆိုင်လေးတစ်ဆိုင်

ဒါကတော့ လမ်းဘေးဆိုင်လေးနောက်တစ်ဆိုင် ဘာတွေမှန်းတော့သိဘူး ။ ဒီအတိုင်း လက်သရမ်းပြီး ဖျက်ခနဲ့ ...
အဲဒီတုန်းက နှစ်ဆိုင်ကျော်လေးမှာတင် စားလာလို့ ၊ နို့မို့ဆိုရင် ... လူကြီးမင်းတို့ ပုံတွေ ပိုပြီးမြင်ရဦးမှာ ...

March 6, 2009

အချစ်တု

ဘယ်သူမွှေးတဲမီးပါလိမ့်
ငါ့မှာ....လောင်ကျွမ်းလိုက်ရတာ
မျှော်လင့်ချက်တွေအကုန် ပြာဖြစ်ခဲ့ရပေါ့။

အချစ်တွေ......
အိမ်မက်တွေ.....
ခံစားချက်တွေကိုမှ.......
လောင်စာအဖြစ် အသုံးပြုခဲ့တဲ့.....
(သွေးအေးအေးနဲ့ ပြုစားတတ်တဲ့ ....)
စုန်းပျိုမရေ......

အသည်းနှလုံးချင်းပွတ်တိုက်လို့ ဖြစ်လာခဲ့တဲ့မီးဆိုတာ
ကမ္ဘာဦးအစက ရှာဖွေတွေ့ရှိခဲ့တဲ့မီးထက်ပိုပြီး
ပူပြင်း တောက်လောင်လိမ့်မယ်ဆိုတာ
ငါ တကယ်ကို မသိခဲ့လို့ပါ။

March 5, 2009

တရားလိုကြီး ငါ . . .

ချုပ်ချယ်တတ်တယ် ၊ သ၀န်တိုတတ်တယ် ဆိုလို့
ငါ့ဘက်က အတွေးအမှားတွေနဲ့ ပျော်မိခဲ့တယ်
အဲဒါတွေက မင်းအချစ်တွေမှမဟုတ်ပဲ
မင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေမှန်း …

အနားမှာ မရှိရင်မနေနိုင်ဘူး ၊ အချိန်တိုင်းသတိရနေတတ်တယ် ဆိုလို့
ငါ့လောက် ကံကောင်းတဲ့လူ ရှိဦးမလားလို့ တွေးမိခဲ့တယ်
အဲဒါတွေက မင်းရဲ့ ခံစားချက်တွေမှ မဟုတ်ပဲ
မင်းရဲ့ အထီးကျန်မှုတွေမှန်း …

ဘယ်သူမှမရှိနိုင်ဘူး ၊ တစ်ဘ၀စာ ပုံအပ်သွားမယ် ဆိုလို့
ငါ့အချစ်တွေ မင်းအပေါ်မှာ အတိုင်းထက်လွန်ခဲ့လေရဲ့
အဲဒါတွေက မင်းရဲ့ ပေးဆပ်ခြင်းတွေမှ မဟုတ်ပဲ
မင်းဘ၀ အတွက် အာမခံချက်တွေမှန်း …

ကြင်နာမှုတွေ ၊ နားလည်မှု တွေများပြားလွန်းလို့
မင်းအပေါ်မှာ သံသယ အလွန်ကင်းခဲ့ ပါရဲ့
အဲဒါတွေက မင်းရဲ့ အားပေးခြင်းတွေမှ မဟုတ်ပဲ
မင်းရဲ့ ဟန်ဆောင်ကောင်း ခဲ့ခြင်းတွေမှန်း …

ပျော်ခဲ့ကြတဲ့ နေ့ရက်တွေ ၊ ရင်ခုန်ခဲ့ကြတဲ့ ညတွေ များလို့
ကတိတွေ အထပ်ထပ် ထားခဲ့ကြလေရဲ့
အဲဒါတွေက မင်းဘက်က အဖြည့်ဆည်းခံ ခဲ့ခြင်းတွေမှ မဟုတ်ပဲ
မင်းရဲ့ လိုအပ်ခဲ့တဲ့ အစားထိုးခံ ဖြစ်ခဲ့မှန်း …

… … … မင်းနဲ့မှ …. …. ….
။ ။ ။ တစ်ကယ်ချစ်တတ်ခဲ့ တာ မှားများ သွားသလား ။ ။ ။

တမ်းချင်း

သူ့ကိုသတိရ၍ ရေးသောကဗျာများသည် ...
နွေကဲ့သို့ ....အလွမ်းများဖြင့် လောင်မြိုက်...
မိုးကဲ့သို့ ....မျက်ရေ ရနံ့များသင်းပျံ့နေ၍....
ဆောင်းကဲ့သို့....သတိရခြင်းများစွာ လွှမ်းခြုံ နေတတ်ပါသည်။

March 4, 2009

မျက်ရည်တွေရဲ့ နောက်က ..

ဆုံးရှုံးခြင်းရဲ့ နောက်မှာ …
မျက်ရည်နဲ့ အနာတရ တွေပဲအဖတ်တင် ကျန်တတ်တယ် ..
အဲဒါကို ဘာလို့ မင်းက တမ်းတရတာလဲ ..

ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ဘ၀ကို လှပလာအောင်များဖန်ဆင်းတာလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့လိုအပ်ချက်တွေကို လဲလှယ်ပေးနေသလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့မာနတွေကို တန်ဖိုးမြှင့်တင်ပေးခဲ့သလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ အတတွေကိုအရောင်တွေခြယ်ခဲ့သလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ ဖောက်ပြားတတ်တဲ့စိတ်ကိုအာမခံချက်ပေးခဲ့သလား …
ငါ့ရဲ့မျက်ရည်တွေက … မင်းရဲ့ခြေလှမ်းတွေကို လွတ်လပ်မှုပေးခဲ့သလား …

မသိခဲ့လို့ပါ … သိများသိခဲ့ရင် ငါ့မျက်လုံးတွေကို
ဖောက်ထုတ်ထားလိုက် ချင် ပါရဲ့ …

March 2, 2009

။ ။ ။ ~D_D~ ကိုရီးယားရောက်နေသည် ။ ။ ။

အပိုင်း (၁)


ရုံးပိတ်ရက်ကလေး ရှော့ပင်လေးပတ် ကိုရီးယားရဲ့လူနေစရိုက်လေးကိုလည်း လေ့လာရင်း နေ့ကလေးကို ကုန်ဆုံးဖို့ လှလှပပကလေးကုန်ဆုံးဖို့ပါ . . . . .
ရာသီဥတုကလည်းကောင်း ၊ လူလေးတွေကလည်း ချော .. .. အဲလိုနဲ့ပေါ့… အဲလိုနဲ့ပေါ့ …
နေ့သစ်လေးရဲ့ဂျာနီလေးကိုစလိုက်ရအောင်လား .. .. ..

အလုပ်ရဲ့ ဥပဒေကြောင့် ကားယူလာပိုင်ခွင့်မရှိတော့ Public Transportation နဲ့ နှစ်ပါးသွားရတာပေါ့ ။

Photobucket
PyeaungTeak Station



အမြန်ရထားပေါ်မရောက်ခင် ပေါ့နော်...
လက်မှတ်အ၀ယ်သွားတော့ အရောင်းစာရေးမလေးက ကြောင်ပြီးကြည့်နေလိုက်တာများ ကိုယ့်ခေါင်းပေါ်မှာ ဂျိုများပေါက်နေသလား ၊ သွားရော .. ခေါနေသလားလို့ ဘေးနားကမှန်မှာ ခပ်မြန်မြန်ကြည့်လိုက်မိတယ်။ ညကအိပ်ရေးပြတ်ထားလို့ မျက်ကွင်းလေးတွေ ညိုမှိုင်းမှိုင်းဖြစ်နေတာကလွဲရင် … လူက၀၀ ဖိုင့်ဖိုင့်နဲ့ ဖိုးဝရုပ်လေး အတိုင်းပါပဲ ။ ပြီးတော့မှ သဘောပေါက်လိုက်တာ … ကောင်မလေးက ပေးရမဲ့နှုန်းကို အင်္ဂလိပ်လို သူ့ရဲ့ခေါင်းထဲမှာ စဉ်းစားနေတာကိုး .. သူလေးအင်္ဂလိပ်စာ အခန်းတွေတော်တော်လစ်ခဲ့ပုံပါပဲ ၊ အမေပေးခဲ့တဲ့ သူ့လက်ချောင်းလေးတွေ ဒီအချိန်ကျ တော်တော်အသုံးဝင်သွားမှန်း သူလေး ခန့်မှန်းလို့ရသွားပုံပါပဲ ။ အဲဒါမှ ဒီကလည်း သဘောပေါက်ပြီး ကိုယ်လေးကိုင်း ၊ ဦခေါင်းလေးကို ညွှတ်ပြီးတော့ “ခမ်းဆာဟမ် မီတာ” ဆိုပြီး K လိုမှုတ်ရင်း .. ငွေချေပေးခဲ့ရတယ်။

Photobucket
ရထားရုံအရှေ့


ဒီလိုနဲ့ ရထားဆိုက်တော့ တိုးဝင်လိုက်ကြတာများ....ပါဆင်နယ်စပေ့ကို နယ်လွန်မခံနိုင်တဲ့ ကျွန်တော်က ခပ်တည်တည်နဲ့ သူတို့တွေ အ၀င်ကို စောင့်တာ … …. လွန်သွားတယ်ထင်ပါရဲ့ ၊ ၀င်မယ်လည်းလုပ်ရော ရထားတံခါးလေးက' ရွှီး' ခနဲ့ ။ သူငယ်ချင်းတွေရဲ့ မရိုးနိုင်တဲ့ မြည်တွန်းတောက်တီးသံတွေများ Rock Concert ရောက်နေသလားလို့ ။ အဲဒီ့လိုနဲ့ ၃၀ဒီဂရီ ရာသီဥတုကြီးကို နောက်ထပ် ၁၀ မိနစ် အံကြိတ်ပြီး ကြံ့ကြံ့ ခံခဲ့လေရဲ့ ။
ဒီလိုနဲ့ ရထားပေါ်ရောက်တော့ ပါဆင်နယ်စပေ့မပြောနဲ့ အသက်ရှုစရာ စပေ့တောင်မရနိုင်တဲ့ ဒီရထားကြီးပေါ်မှာ နာဇီခေတ်တုန်းက လူသတ်တဲ့ ခမ့်(မ) တွေကိုသယ်သွားတဲ့ ရထားကြီးအလား ဆိုး(လ်)မြို့ကြီးကိုဦးတည်ခဲ့လေရဲ့။

မြို့ကြီးက မွန်းကျပ်စွာနဲ့ ခမ်းနားပြည့်ကျပ်နေလျှက် .....

Photobucket
ဆိုး(လ်) station ကြီး အပေါ်မှ


'မြောင်ဒေါင်' လို့ခေါ်တဲ့နေရာလေးကိုရောက်တော့ မျက်ဝန်းတစ်ဆုံး ... လူတွေ ... လူတွေ … ဒီလောက်များတဲ့လူတွေ ဒီနေရာလေးတစ်ခုမှာ စုပြုံနေကြတာ။
အမေရိကားမှာဆိုရင် မကောင်းတဲ့ကောင်မလေးတွေရှိလို့စည်းကားတာ။ဒီမှာတော့ မသိဘူး ကောင်းလားမကောင်းလားဆိုတာ (အဟီး … လေ့လာရန် အဆင်သင့်ပါပဲ) ။ကြည့်ရတာ လူကောင်းလူသန့်လေးတွေ သွားလာလှုပ်ရှားနေကြသလိုပါပဲ။အဲဒါနဲ့ စူးစမ်းလေ့လာကြည့်လိုက်တော့ မြန်မာပြည်က တရုတ်တန်းတို့ ညဈေးတန်းတို့လို နေရာလေးကိုး။

Photobucketအရပ်က နည်းနည်းပုတော့ ပုံကသိပ်မမိုက်ဘူး ဖြစ်နေတယ်။ ခွင့်လွှတ်


ဒီလိုနဲ့.... ဒိုင်ဗင်ထိုးတော့မဲ့ ရေကူးသမားလို အသက်ကို ၀၀ရှုပြီး လူတွေကြားထဲ ဒိုင်ဗင်ဝင်ထိုးလိုက်လေရဲ့ .…

ပါစင်နယ်စပေ့ဆိုတာ အမေရိကားမှာတုန်းက ကိုယ့်နားတစ်ပေလောက် ကပ်လျှောက်ရင်ကို ဘုကြည့် ကြည့်ခဲ့တဲ့လူ။ ဒီမှာ ပခုံးချင်းပဲ ၀င်တိုက်ရင် ကံကောင်းတယ်လို့မှတ်ပါ။
လမ်းလယ်ခေါင်မှာငူတူတူ ရပ်နေရင်ချာချာလည်အောင်ဝင်တိုက်လိုက်ကြမှာများ....
မြေကြီးကိုလက်နဲ့ခတ်ရင်တောင် လွဲလိမ့်မယ်။ ဒါကတော့သေချာတယ်။
အသက်တူရွယ်တူတွေ ၀င်တိုက်ကြတဲ့အခါ 1/1000 sec လောက်ပဲ ကိုယ်လေးကိုင်း ခေါင်းလေးငုံ့ပြီး လှည့်ထွက်သွားလေရဲ့။ ဒါကို ဒေါသမထွက်လေနဲ့။ ဒါက သူတို့လေးတွေရဲ့ Apology ။

ဒီထက်ဆိုးတာရှိသေး .. ကိုရီးယားဟာ ဖိုးဖိုးကြီး ဖွားဖွားကြီးတွေ ကြီးစိုးတဲ့ နယ်မြေလည်းဖြစ်ပါရဲ့။ ရထားပေါ်မှာဆို သူတို့တွေနဲ့ မပြိုင်နဲ့။ နေရာလေးတွေ့လို့ထိုင်မယ် လို့စဉ်းစားတုန်း မိုင်၁၀၀ နှုန်းနဲ့ မိုးပေါ်ကကျလာတဲ့ ဖိုးဖိုး ဖွားဖွားတွေအလား ။
ဒါနဲ့ ၄၅ မိနစ်ရထားပေါ်မှာ ထိုင်ဖို့အတွေးတွေကို မြေမြုပ် သင်္ဂြုလ်လိုက်လေရဲ့။
ဒါနဲ့တင် ဖိုးဖိုး ဖွားဖွား တွေက မပြီးသေး ၊ လမ်းမှာသူတို့ဝင်တိုက်ရင် သူတို့ဆီက အကြည့်လေးတောင် မမျှော်လင့်လေနဲ့ … လူကိုရှိတယ်လို့်သတ်မှတ်တာမဟုတ်ဘူး ။
သူတို့ရဲ့ဓလေ့လေးတွေကိုကြည့်ပြီး … စိတ်ပဲတိုရမလိုလို ၊ ရီပဲရီရတော့မလိုလိုနဲ့ .. အင်တင်တင်ကြီးပါပဲ။
Photobucket
လမ်းပေါ်က အရုပ်ဆိုင်လေး

ဒီလိုနဲ့ရှော့ပင် စပတ်ပါရောလား .. .ဆယ်ကျော်သက်ကောင်မလေးတွေ မီနီ ပန့်လေးတွေနဲ့ နေရာတိုင်း ။
ဒီလို ရာသီဥတုကြီးမှာ ဒီလိုဝတ်စားလွန်းတော့ သံသယတောင်ဝင်မိတယ် ...ကိုရီးယားမှာ ဘောင်းဘီ အရှည်တွေများ ဈေးကြီးလွန်းသလားပေါ့နော်။
ယူလာတဲ့ ပန့်တွေ ကိုတောင် ဒိုနေးရှင်း လုပ်ပေးဖို့ သူငယ်ချင်းတွေကို လည်းစာရင်းကောက်ဖို့တောင် စဉ်းစားပြီးသွားပေါ့။ ထင်သလို ဒိုနေးရှင်း စာရင်းမကောက်လိုက်ရခင် သူငယ်ချင်းတွေ့ရဲ့ ချီးကျူးသံကို ကြားလိုက်ရလေရဲ့ “ဒုံးဝေးလိုက်ချည်းလား” တဲ့ ။

အဲဒါ ဖက်ရှင်စတိုင်(လ်) အသစ်တဲ့ …

အဲဒါနဲ့ နောက်တွေ့တဲ့ မီနီပန့်လေးတွေဆိုရင် ဒူးခေါင်းလေးတွေများတုန်နေသလားလို့
လိုက်ကြည့်လိုက်ရတာအမော။ တစ်ယောက်မှ မတွေ့ပါဘူး ။ အပြုံးမပျက် သူတို့လေးတွေရဲ့ တစ်နေ့တာ လုပ်ငန်းလေးတွေကို ဆက်လက် နေဆဲပဲ။

အံမခန်း ကိုရီးယား သတိခဲလေးတွေပါလားနော်...

Photobucket
ကြည့်ရင်းတောင် ကျောချမ်းမိပြီး ဒါလေးတော့မမြည်းခဲ့ပါဘူး



လမ်းပေါ်မှာတွေ့တဲ့ မုန့်သည်တိုင်းလောက်ကို အားပေးမိတာ ကျွန်တော့်ရဲ့အားနည်းမှု ပဲပြောမလားနော့။

Photobucket
မုန့်ချိုရောင်းနေတဲ့ ဖွားဖွားကြီး

တစ်ခါကတော့ ဖွားဖွားကြီးတစ်ယောက် တုန်နေတဲ့ ရာသီဲဥတု ကွင်းပြင်ကြီးထဲမှာ မုန့်ချိုလေးတွေ လုပ်ရောင်းနေလေရဲ့။သနားမိတဲ့ စိတ်ရယ် (တစ်ကယ်ပါ) စားကြည့်ချင်တဲ့ စိတ်ကြောင့် သူလုပ်ပြီးသမျှ မုန့်ချိုလေးတွေကို တတ်နိုင်သလောက်ဝယ်ပြီး လမ်းမှာတွေ့တဲ့ ကလေးတွေ ကိုလည်းမျှဝေပေးလိုက်လေရဲ့။ သကြားကို အရည်ကြိုပြီး အရောင်နဲနဲတင် ကွတ်ကီးလေးတွေလို အချပ်ကလေးတွေလုပ်ပြီး အလယ်မှာ အသည်းပုံ ဒီဇိုင်းလေးဖော်ထားတဲ့ မြန်မာပြည်က ထန်းလျှက်ယိုလိုမုန့်မျိုးလေးပါ ..

Photobucket
သီချင်းဆိုနေတဲ့ အာဂျူရှိကြီး နှစ်ယောက်


ပြီးတော့ လူတွေအုံနေတဲ့ နေရာလေးတစ်ခုကိုရောက် သွားတော့..... သီချင်းသံလေးကြားရတော့ စိတ်ဝင်စားလို့တိုးကြည့်မိတယ်။ ယောကျာင်္းသားကြီး နှစ်ယောက် ၊ သီချင်းလေးငြီးရင်း မုန့်တီခေါက်ဆွဲလောက်ရှိတဲ့ မုန့်တစ်မျိုးကို ဂျုံ မှုန့်ထဲနှစ်လိုက် ဆွဲဆန့်လိုက် လုပ်ရင်း ... နောက်ဆုံး ပင့်ကူမျှင်လောက်ပဲ ကျန်တော့တဲ့ အမျှင်လေးတွေအထဲမှာ အစာလေးတွေထည့်ပြီးလိပ်လေရဲ့။ မြေပဲလိပ် လေးတွေအတိုင်းပါပဲ။ သူတို့ရဲ့ Performance လေးကို ကြိုက်တာရယ်၊ မြည်းစမ်းချင်တာရယ်နဲ့ အားပေးခဲ့ပါသေးတယ်။

Photobucket
ငါးတုတ်ထိုး ... အကြီးကြီးပဲ ..


ဒီလိုနဲ့ ဆက်လျှောက်လာရင်း ရုပ်ရှင်တွေထဲမှာ တွေ့တွေ့နေရတဲ့ အကင်လေးတွေ .. .. ကိုရီးယားမရောက်ခင်ကတည်းက တွေ့ရင်စားမယ်လို့ အားခဲထားတော့ ကိုယ့်ကတိ ကိုယ်လည်းမဖြတ်ချင်တာနဲ့ အကင်တစ်ကင်လှမ်းနှိုက်လိုက်လေရင်း... သွား ၊ ပါးစပ် နဲ့ လျှာကို အလုပ်သစ်ပေးလိုက်လေရဲ့ ။

သိပ်မကြာပါဘူး .. .ပါမစ်မပေးပဲနဲ့ ကုလားဘင်ခရာအသင်းကြီးက ဗိုက်ထဲမှာ လှည့်ပတ်နေလေရဲ့။ နီးရာ စခန်းမှာ Business ကို မြန်မြန် ထိန်းသိမ်းလိုက်ရတယ်။

Photobucket
အီထယ်ဝမ်း

ဒါနဲ့ 'အီထယ်ဝမ်း' လို့ခေါ်တဲ့ အီလက်ထရောနစ် မောကြီးထဲ ရောက်သွားတယ်ပေါ့ ။ လိုချင်တဲ့ပစ္စည်းလေးတွေ တွေ့ရင်ကိုင်ကြည့်ပေါ့ ... အာရှသားရုပ်ပေါက်တဲ့ ကျွန်တော့်ကို အမြဲ K လိုလာပြောတတ်တယ်။ ကျွန်တော်ကလည်း မရိုင်းပါဘူး ၊ သူတို့ပြောချင်တာလေးတွေ ပြီးတဲ့အထိ ပြုံးပြုံးလေးနဲ့ နားထောင်ရင်း အမြဲစောင့်ပါတယ် ။ ပြီးမှ ကိုရီးယားလို မပြောတတ်ဘူးလို့ မနည်းငြင်းယူရတယ်။
အဲဒီ့မှာ ပြဿနာကစတာပဲ … … …
သူတို့က ကျွန်တော်တို့ကို ကိုရီးယန်း မဟုတ်မှန်းလည်းသိရော ပစ္စည်းဈေးနှုန်းက သုံးဆလောက် ခုန်တက်သွားလေရဲ့။ သူတို့လေးတွေက ပစ္စည်းကို ဈေးနှုန်းကပ်မထားတော့ သူတို့ခေါ်ချင်သလောက်ခေါ်ပါလေရော။ အဲဒီမှာ တတ်ထားသမျှ K တွေရော Signs Language တွေရော အသုံးဝင်လာပါရောလား ။ သူတို့ကဈေးခေါ်ရင် ကျွန်တော်တို့ တစ်ဖွဲ့လုံးကတတ်ထားတဲ့ “ခါ ဂါ ကူး ဆယ်ရော” ဆိုတဲ့ ဈေးလျှော့ပါဦး လို့ အဓိပါယ်ရတဲ့ စကားလုံးကို ပိုက်ဆံအိတ်ထဲမှာရော ဦးနှောက်ထဲမှာပါ မင်နီနဲ့ ရေးဆွဲမှတ်သားထားလေရဲ့ ။ အဆင်မပြေရင် လက်ခါပြပြီး လှည့်ထွက်တာ ကျွန်တော်တို့ အလုပ်။နောက်ကနေ လိုက်လာပြီး ကျွန်တော်တို့လိုချင်တဲ့ဈေးကိုပေးပြီး ရောင်းတာက ကိုရီးယန်းတွေရဲ့ အလုပ်။ ဒီလိုနဲ့ဈေးတည့်ရင် ပစ္စည်းအိမ်ပါလာတယ်ပေါ့ ။

Photobucket
NuthinG but CLOTHES in dis MalL


သူငယ်ချင်းတစ်ယောက်က သူလိုချင်တဲ့ အင်္ကျီလေးတွေ့ပါတယ်။ ဆိုင်ပိုင်ရှင်ကောင်မလေးနဲ့ ဈေးကိုတော်တော်လေးညှိယူလိုက်ရတယ်။ ဒီလိုနဲ့ဈေးလည်းတည့်ရော သူငယ်ချင်းက အင်္ကျီကို ၀တ်ကြည့်တော့ တစ်ဆိုဒ်လောက်သေးနေတယ်။ အဲဒါနဲ့ ဆိုဒ်ရှာပေးမယ်ဆိုပြီး ကောင်မလေးက ဆိုင်အတွင်းပိုင်းကို ၀င်သွားတယ်။ တော်တော်နဲ့ထွက်မလာတာနဲ့ အတွင်းထဲကို လိုက်ဝင်ပြီးကြည့်တော့ … ဟောဗျာ … သူနဲ့ နောက်ထပ်ကောင်မလေးနဲ့ အင်္ကျီကို တစ်ယောက်တစ်ဖက်ကိုင်ပြီး ဆွဲဆန့်နေကြတာဗျ ။ ကျွန်တော်တို့လည်း ပါးစပ်ဟောင်းလောင်းနဲ့ ဘာပြောရမှန်းမသိ။ သူငယ်ချင်းကလည်း တစ်အင်အင် နဲ့ဖြစ်သွားပါရောလား ။ ဒါနဲ့ ကောင်မလေးက နောက်ထပ်ဈေးထပ်လျှော့ပေးရှာတယ်။

အော် .. .. ကိုရီးယားသူ တွေ ပစ္စည်းတစ်ခုကိုရောင်းချင်ရင် အဲဒီလောက်ကြီးထိ စိတ်ကြီးရှာပါကလားနော် ။ နောက် ကိုရီးယားမှာ ပစ္စည်းဝယ်ရင် သူတို့ပေးတဲ့ ဆိုဒ်ကိုသာယူဖို့ အကြံဥာဏ်ပေးပါရစေလား … … …

။ ။ ။ နောက်မှ ဆက်ပါဦးမည် ။ ။ ။

March 1, 2009

ဒုစရိုက်ပန်းများ

တာရှည်ငြီးငွေ့မှုရဲ့သားကောင် ညည်းတွားနေသူ ၀ိညာဉ်အပေါ်
နိမ့်ကျ လေးလံတဲ့ ကောင်းကင်က အဖုံးလို ဖိလာတဲ့အခါ
မိုးကုပ်စက်ဝိုင်း တစ်ခုလုံးကို ဖက်ပွေ့ရင်း ညထက်များစွာ
မှောင်မည်းတဲ့ အနက်ရောင်နေ့ကို ငါတို့ပေါ် သွန်းချလိုက်တဲ့အခါ...

မျှော်လင့်ခြင်းဟာ လင်းနို့တစ်ကောင်လို ဟိုဒီ ပျံသန်းရင်း
နံရံတွေကို ကြောက်ကြောက်ရွံရွံတောင်ပံလေးနဲ့ ရိုက်ခတ်ကာ
တုတ်အဆွေးအမြေ့တွေကို ခေါင်းနဲ့တိုက်ကာ ဖြစ်နေရတဲ့
စိုထိုင်းထိုင်း အကျဉ်းတိုက်အဖြစ် လောကမြေကို ပြောင်းလဲလိုက်တဲ့အခါ

မိုးဟာဧရာမ သူ့မြားတံကြီးတွေကို ဖြန့်ကျက်ရင်း
ကျယ်ဝန်းတဲ့ ထောင်ရဲ့ တန်းများကို တုပလာတဲ့အခါ
စက်ဆုပ်ဖွယ် ပင့်ကူငြိမ်ဆိတ်ဆိတ် တစ်အုပ်ဟာ
ငါ့တို့ ဦးနှောက်ရဲ့ အတွင်းနက်နက်ထဲ အိမ်ဖွဲ့လာကြတဲ့အခါ...

ခေါင်းလောင်းတွေ ရုတ်တရက်အရူးအမူးပေါ်လာကြပြီး
ကြောက်ဖွယ် အူသံတစ်သံကို ကောင်းကင်ဆီ ပစ်လွှင့်လိုက်ကြတယ်။
လှည့်လည်နေတဲ့ အိုးအိမ်ကို နာနာဘ၀များ
ခေါင်းမာမာနဲ့ စတင်ငိုကျွေးရင်း ဟစ်လိုက်ကြသလိုပါပဲ

ပြီး ရှည်လျားလျား မသာရထားများ၊ဗုံမပါ ဂီတမပါ
ဖြည်းဖြည်းချင်း ငါ့ဝိညာဉ်ထဲက ဖြတ်နှင်သွားကြတယ် မျှော်လင့်ခြင်းဟာ
စစ်ရူံးလို့မို့ ငိုနေလေရဲ့ ရက်စက်တဲ့ အာဏာရှင် နွမ်းလျမှုက
သူ့အနက်ရောင် အောင်လံကို ငိုက်ကျနေတဲ့ ငါ့ဦးခေါင်းမှာ စိုက်ထူလေရဲ့
(ထင်းရူးပင်ရိပ် မှ......)

Monster Inc.



အဲ့ဒီ့လိုကားအသစ်မျိုး လိုချင်ကြလား ??